ဂျပန်ကုမ္ပဏီတစ်ခုက ကိုဗစ်-၁၉ ကာလ အိမ်ထောင်မကွဲစေဖို့ လင်မယားတွေကို သီးသန့်တိုက်ခန်း ကမ်းလှမ်း

ဂျပန်ကုမ္ပဏီတစ်ခုက ကိုဗစ်-၁၉ ကာလ အိမ်ထောင်မကွဲစေဖို့ လင်မယားတွေကို သီးသန့်တိုက်ခန်း ကမ်းလှမ်း
Photo - AFP

ဧပြီ ၁၅

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားစဉ်ကာလအတွင်း လင်မယား ကွာရှင်းပြတ်စဲမှုများ ရှောင်လွဲနိုင်စေရန် ရည်ရွယ်ပြီး ကုမ္ပဏီတစ်ခုက အစီအစဉ်တစ်ခု ဖော်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

ဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းချမှတ်ထားသည့်ကာလအတွင်း အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး စိတ်ဖိစီးနေသည့် စုံတွဲများအတွက် အချိန်အတိုင်းအတာတစ်ခု သီးခြားခွဲကာ နေထိုင်၍ရစေနိုင်မည့် တိုက် ခန်းများကို တိုက်ခန်း ရေတိုငှားရမ်းမှုလုပ်ငန်း ကုမ္ပဏီတစ်ခုက ကမ်းလှမ်းပေးနေခြင်း ဖြစ်သည်။

တိုကျို အခြေစိုက် Kasoku ကုမ္ပဏီက စိတ်ဖိစီးနေသည့် လင်မယားစုံတွဲများ သီးခြားစီခွဲနေနိုင်မည့် နည်းလမ်းအဖြစ် ယင်း၏ တိုက်ခန်းလွတ်များကို မာကက်တင်း ဆင်းနေခြင်းလည်း ဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ် ကာလမှာ ကွာရှင်းဖို့ မစဉ်းစားခင် ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ အရင် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်” ဆိုပြီး အဆိုပါ တိုကျိုအခြေစိုက် ကုမ္ပဏီက customer များကို တိုက်တွန်းလျက် ရှိသည်။

Kasoku သည် Airbnb ကဲ့သို့ ပရိဘောဂများ အပြည့်အစုံ ခင်းကျင်းထားသည့် ယင်း၏ အခန်းများကို အသုံးချပြီး လက်ရှိကာလမှာ စိတ်ဖိစီးနေသူများကို မိသားစုနှင့် သီးခြားရှိနေစေမည့် ယာယီ အခန်း များအဖြစ် ကမ်းလှမ်းပေးနေခြင်းဖြစ်သည်။

ယင်းအခန်းများတွင် အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသည့် အမျိုးသား သို့မဟုတ် အမျိုးသမီး အနေဖြင့် အတိုင်းအတာတစ်ခုအထိ သီးသန့်အလုပ်လုပ်ကိုင် သို့မဟုတ် တိတ်ဆိတ်ငြိမ်သက် အေးချမ်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ဂျပန်အစိုးရသည် ဒေသခုနစ်ခုတွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။ အစိုးရ၏ အစီအမံများတွင် အပြင်ထွက်ခြင်းကို လုံးဝပိတ်ပင်တားမြစ်ခြင်း မပါဝင် သော်လည်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်း မပြုလုပ်ရန် တိုက်တွန်းထားသည်။ စာသင်ကျောင်းများလည်း ပိတ်ထားပြီး လူအများအပြားသည်လည်း နေအိမ်ကနေ အလုပ်လုပ်နေ ကြသည်။

Kasoku ကုမ္ပဏီက ယင်းရဲ့ အဆိုပါ တိုက်ခန်းများကို တစ်နေ့လျင် ယန်းငွေ ၄,၄၀၀ ( ဒေါ်လာ ၄၀) နှုန်းထားဖြင့် ငှားရမ်းကမ်းလှမ်းပေးနေကြောင်း သိရသည်။

ယခု ကမ်ပိန်းကို ဧပြီ ၃ ရက်က စတင်ခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီအနေဖြင့် ဖောက်သည် ၂၀ အထိ ရရှိထားသည်ဟု Kasuku ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် Amano က ပြောသည်။ ယခုဝန်ဆောင်မှုတွင် ဥပဒေအရာရှိတစ်ဦးနှင့် မိနစ်သုံးဆယ်ကြာ အခမဲ့ တိုင်ပင်ဆွေးနွေးအကြံဉာဏ်ရယူနိုင်မည့် ဝန်ဆောင်မှုလည်း ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly