တီးတိန်ဆေးရုံမှ ကိုဗစ်-၁၉ လူနာများကို ကလေးမြို့ဆေးရုံသို့ ပြောင်းရွှေ့လျင် တားဆီးမည်ဟု မြို့လူထုက ကြေညာ

တီးတိန်ဆေးရုံမှ ကိုဗစ်-၁၉ လူနာများကို ကလေးမြို့ဆေးရုံသို့ ပြောင်းရွှေ့လျင် တားဆီးမည်ဟု မြို့လူထုက ကြေညာ
တီးတိန်မြို့တွင် နံနက်ခင်း တိမ်များဖုံးလွှမ်းနေသော အိမ်များကို တွေ့ရစဉ်။ Photo: EPA

ဧပြီ ၁၄၊ ၂၀၂၀

ချင်းပြည်နယ် တီးတိန်ဆေးရုံတွင် ကုသမှုခံယူနေသော COVID-19 လူနာများကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမည့်အစီအစဉ်ကို ကလေးမြို့လူထုက လက်မခံကြောင်းနှင့် ရွှေ့ပြောင်းလာပါက တားဆီးပိတ်ပင်သွားမည်ဟု ကြေညာချက်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ကလေးမြို့ မြို့မိမြို့ဖများ၊ အရပ်ဖက်အဖွဲ့အစည်းအသင်းအဖွဲ႔များက အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

" ယခုအချိန်တွင် ကလေးမြို့တွင် ကိုဗစ် (၁၉) ရောဂါကူးစက်မှုမရှိအောင် ကြိုးစားဆောင်ရွက်နေချိန် အဆိုပါ ကိုဗစ် (၁၉) ကူးစက်လူနာများအား ကလေးမြို့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခြင်းကို မြို့လူထုက လုံး၀ (လုံးဝ) လက်မခံပါကြောင်း သဘောတူဆုံးဖြတ်ကြပါသည်။" ဟု ပါရှိသည်။

" အဆိုပါ ကိုဗစ် (၁၉) လူနာများအား ချင်းပြည်နယ် ပြည်နယ်ဆေးရုံကြီးတွင် ရွှေ့ပြောင်းကုသခြင်းသာလျှင် မှန်ကန်သည်ဟု ယူဆပါသည်။ အကယ်၍ ဝေဘာဂီကူးစက်ဆေးရုံသို့ ရွှေ့ပြောင်းကုသလျှင် ကလေးမြို့လူထုက ကုန်ကျစရိတ် ထောက်ပံ့ပါမည်။" ဟုလည်း ဖော်ပြထားသည်။

ကလေးမြို့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခြင်းအား ရပ်ဆိုင်းခြင်းမရှိဘဲ ကလေးမြို့သို့ပြောင်းရွှေ့လာပါကာ မြို့လူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများက တားဆီးပိတ်ပင်သွားမည်ဟုလည်း ဆိုသည်။

အစောပိုင်းက တီးတိန်ဆေးရုံမှ ကိုဗစ်-၁၉ လူနာများကို ဖလမ်းခရိုင်ပြည်သူ့ဆေးရုံကိုလည်း ပြောင်းရွှေ့ခြင်းမပြုရန်လည်း ကန့်ကွက်ထားသည်ဟု သိရသည်။

တီးတိန်ဆေးရုံကြီးတွင် ကိုဗစ် (၁၉) လူနာ သုံးဦး တက်ရောက်ကုသမှုခံယူနေရသည်။ တီးတိန်ဆေးရုံတွင် လူနာများကုသရေးအတွက် အထောက်အကူပြုပစ္စည်းများလိုအပ်လျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required