COVID-19 လူနာအရေအတွက် များပြားလာခြင်းကြောင့် စိုးရိမ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

COVID-19 လူနာအရေအတွက် များပြားလာခြင်းကြောင့် စိုးရိမ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုးတွေ့ရှိသူအရေအတွက် များပြားလာသဖြင့် စိုးရိမ်ရသည့် အခြေအနေဖြစ်၍ တပ်မတော်အနေဖြင့် လုပ်နိုင်တာမှန်သမျှ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ကြည်း၊ ရေ၊ လေ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များတက်ရောက်သော နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ဧပြီ ၁၄ ရက်နေ့က ကျင်းပသည့် COVID-19 ကာကွယ်ကုသရေး အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသွားခြင်းဖြစ်ပြီး COVID-19 အရေးမှာ " နိုင်ငံ၏အရေးကိစ္စ၊ အမျိုးသားရေးကိစ္စ" ဟုလည်း ပါရှိသည်။

" COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများအား လက်ဝယ်မထားဘဲ အမြန်ဆုံး ဆေးရုံများသို့ ဖြန့်ဝေ ပေးရန်" နှင့် "နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် အစိုးရရုံးစိုက်ရာ၊ စီးပွားရေး အချက်အချာကျသောမြို့များ၌ လူဦးရေသိပ်သည်း ထူထပ်သည့်နေရာများတွင် တပ်မတော်မှလေယာဉ်ကွင်းဆေးသည့် မော်တော်ယာဉ်များအပါအဝင် ရသမျှထုတ်နုတ်ပြီး ဆေးဖြန်း ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း"လည်း ပါရှိသည်။

ထို့အပြင် " ပြည်နယ်များရှိ ဒေသခံများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား တပ်နယ်အလိုက်နှင့် ရှေ့တန်းစခန်း၊ စစ်ကြောင်းများဖြင့် ကျေးလက် အရောက် သွားရောက်ဆောင်ရွက်ပေးကြရန်" နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် အမြန်ပူးပေါင်း ဆောင်ရွက်သွားရန်ပြောကြောင်း ကြေညာချက်တွင် ပါရှိသည်။

တပ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူမရှိသေးသော်လည်း စောင့်ကြည့်လူနာများရှိနေသည်။

ထုတ်ပြန်ချက်အရ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား ၁၁ ဦး၊ မှီခို ခုနှစ်ဦး၊ Home Quarantine စောင့်ကြည့်သူ၊ တပ်မတော်သား၂၀၇ ဦးနှင့် မှီခို ၁၀၈ ဦး၊ Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား ၅၆ ဦးနှင့် မှီခို ၇၆ ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required