မဲခေါင်မြစ် ရေစီးဆင်းမှုကို တရုတ်တို့ ကန့်သတ်ထိန်းချုပ်နေ၊ ကျန်နိုင်ငံများ ရေရှားပါးမှုနှင့် ကြုံတွေ့ခံစားနေရ

မဲခေါင်မြစ် ရေစီးဆင်းမှုကို တရုတ်တို့ ကန့်သတ်ထိန်းချုပ်နေ၊ ကျန်နိုင်ငံများ ရေရှားပါးမှုနှင့် ကြုံတွေ့ခံစားနေရ

ဧပြီ ၁၄

ဖေဖော်ဝါရီလကုန်ပိုင်းက တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ကြုံတွေ့နေခဲ့သည့်ကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက လာအိုနိုင်ငံရှိ အခမ်းအနားတစ်ခုတွင် တက်ရောက်မိန့်ခွန်းပြောကြား ခဲ့သည်။ လာအိုနိုင်ငံရှိ မဲခေါင်မြစ် ဒေသတစ်လျှောက် နေထိုင်ကြသော တံငါသည်များ၊ တောင်သူများသည် ၎င်းတို့၏ ဘဝတစ်လျှောက် အဆိုးရွားဆုံးသော မိုးခေါင်ရေရှားပါးမှုနှင့် ရင်ဆိုင်နေခဲ့ရသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက “ခင်ဗျားတို့ ဘယ်လို ထိခိုက်ခံစားနေရတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ခံစားမိပါတယ်” ဟု ပြောသည်။  တရုတ်သည်လည်းပဲ ကမ္ဘာ့ထုတ်လုပ်နိုင်စွမ်းအကောင်းဆုံး မြစ်တစ်စင်းမှ ရေများကို စုပ်ယူနေသည့် မိုးခေါင်ခြောက်သွေ့သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ဝမ်ယီက ပြောသည်။

သို့သော် အမေရိကန် ရာသီဥတုပညာရှင်များ ထုတ်ဖော်ခဲ့သည့် လေ့လာချက်သစ်တစ်ခုအရ တရုတ်တို့အနေဖြင့် အလားတူ တူညီသည့် ဒုက္ခအခက်အခဲများ လုံးဝ ခံစားနေရခြင်း မရှိသည်ကို ပြသလျက် ရှိသည်။ ယင်းအစား ပေကျင်း အင်ဂျင်နီယာများသည် မြစ်ရေစီးဆင်းမှုကို ထိန်းချုပ်ကန့်သတ်ခြင်းအားဖြင့် စံချိန်တင် နည်းပါးသည့် ရေလယ်ဗယ်များကို ဖြစ်ပေါ်ထားစေအောင် တိုက်ရိုက်လုပ်ဆောင်ထားခဲ့ပုံရသည်ဟု သိရသည်။

“ဂြိုဟ်တု ဒေတာအချက်အလက်တွေက အလိမ်အညာတွေ မဟုတ်ပါဘူး၊ ကမ္ဘောဒီးယားနဲ့ ထိုင်းလိုမျိုး နိုင်ငံတွေအနေနဲ့ ပြင်းထန်တဲ့ အကျပ်အတည်းအောက် ကျနေတယ်ဆိုရင်တောင်မှ တိဘက် ကုန်းပြင်မြင့်မှာတော့ ရေတွေ အများကြီး ရှိနေပါတယ်” ဟု ဧပြီ ၁၃ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာကို ပူးတွဲရေးသားခဲ့သည့် Alan Basist က ပြောသည်။

“ တရုတ်မှာ သိုလှောင်ထိန်းသိမ်းထားတဲ့ ရေပမာဏ အများကြီး ရှိနေပါတယ်” ဟု Mr. Basist က ပြောသည်။

မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် အကျိုးဖြစ်ထွန်းမှု အရှိဆုံး မြစ်များအနက် တစ်စင်း ဖြစ်သည်။ ယင်း၏ သြဇာဓာတ် ကြွယ်သည့် ရေအရင်းအမြစ်များနှင့် ငါးလုပ်ငန်းများဖြင့် လူသန်းပေါင်းများစွာတို့ကို အကျိုးပြုလျက် ရှိသည်။

သို့သော် တသီတတန်း ရှိနေသော ဆည်များ (အများစုက တရုတ်တွင် ရှိ) က မြစ်၏ ကြွယ်ဝမှုများကို တိုက်စားထားခဲ့သည်။

ကုန်းတွင်းပိုင်း ငါးဖမ်းလုပ်ငန်းများကို မှီခိုနေရသူများ၏ အဆိုအရ ၎င်းတို့ဖမ်းယူရရှိမှုများသည် ရုတ်တရက် သိသာထင်ရှားစွာ ကျဆင်းထားခဲ့သည်ဟု ဆိုသည်။ မိုးခေါင်ရေရှားမှုများ၊ ရုတ်တရက် ရေကြီးမှု ဖြစ်စဉ်များ ထပ်တလဲလဲ ဖြစ်ပေါ်နေခြင်းကလည်း တောင်သူများအပေါ် ထိခိုက်ထားစေခဲ့သည်။

ခြောက်သွေ့ရာသီတွင် မြစ်အောက်ဘက် အပိုင်း၏ ၇၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်သော မဲခေါင်မြစ် မြစ်ညာပိုင်းကို တရုတ်တို့ ထိန်းချုပ်ထားခြင်းကလည်း အခြားနိုင်ငံများကို စိတ်ဆိုးဒေါသထွက်အောင် လုပ်သလို ဖြစ်စေလျက် ရှိသည်။ မည်သို့ပင်ဖြစ်စေ အရှေ့တောင်အာရှနိုင်ငံများအနြေဖင့်လည်း တရုတ်နှင့် ကုန်သွယ်မှုအပေါ် မှီခိုနေရသည်။ တရုတ်အစိုးရသည်လည်း ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ပရိုဂရမ်တစ်ခုကို အဆိုပြုထားပြီး ယင်းက ပိုမိုဆင်းရဲနွမ်းပါးသော ကုန်သွယ်ဘက် ပါတနာများကို အကျိုးဖြစ်စေမည်ဟု ပြောထားသည်။ သို့သော် အဆိုပါ နိုင်ငံများသည်လည်း အခွင့်အရေးများ ဆုံးရှုံးမှုကို ခံစားနေရသဖြင့် ယင်းနိုင်ငံများထံမှ တုန့်ပြန်မှုတစ်ရပ်လည်း ကြီးထွားလာနေသည်။

Mr. Basist နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက် Claude Williams တို့ ဖန်တီးထားသည့် ဒေတာ စံပုံစံက မြစ်တစ်စင်း၏ ရေစီးမှု၏ အမျိုးမျိုးသော အစိတ်အပိုင်းများဖြစ်သည့် နှင်းကျမှု ၊ ရေခဲမြစ် အရည်ပျော်ခြင်းမှစ၍ မိုးရေချိန်နှင့် မြေဆီလွှာ စိုစွတ်မှုတို့ကို တိုင်းတာခြင်း ဖြစ်သည်။

တရုတ်တွင် ရာသီအလိုက်ဖြစ်သော မိုးခေါင်မှုတစ်ခု ဖြစ်ချိန်တွင် မြစ်အောက်ပိုင်း နိုင်ငံငါးနိုင်ငံဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့က အပြီးသတ်တွင် ခံစားရမည်ဖြစ်သည်။ တရုတ်တွင် ရေ အလွန်အကျွံ များပြားနေချိန်တွင် အကျိုးဆက်အားဖြင့် မဲခေါင်မြစ်ဝှမ်းတွင် ရေလွှမ်းမိုးများဖြစ်ပေါ်စေမည်ြဖစ်သည်။

ယမန်နှစ် မိုးရာသီအတွင်း မြစ်၏ အပိုင်းနှစ်ခု၏ အခြေအနေက သိသိသာသာ ကွဲပြားခြားနားနေခဲ့သည်။ တရုတ်ဘက်တွင် ရှိနေသော မဲခေါင်မြစ်အပိုင်းသည် ပျမ်းမျှရေပမာဏ၏ အထက်တွင် ရှိနေခဲ့ချိန် မြစ်အောက်ပိုင်း နိုင်ငံများတွင် မိုးခေါင်ရေရှားမှုနှင့်အတူ ရေလယ်ဗယ် ကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း Chiang Saen ၏ စံအမှတ်တစ်ခုအရ ယင်းကဲ့သို့ ရေလယ်ဗယ်နိမ့်ကျမှုမျိုး အရင်တခါမှ မဖြစ်ခဲ့ဘူးဟု သိရသည်။

ဖေဖော်ဝါရီလက ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တရုတ်တို့လည်း ထိခိုက်ခံစားနေရကြောင်း ပြောသွားခဲ့သည်။ တရုတ်ခေါင်းဆောင်ပိုင်းသည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသည့် ကာလတွင်း မြစ်အောက်ပိုင်းသို့ ရေလွှတ်ပြီး သဘောထားကြီးစွာ လုပ်ဆောင်နေကြောင်း ပြောသွားသည်။

ယင်းနှင့်ပတ်သက်၍ Mr Basist က ငြင်းခုံပြောသွားခဲ့သည်။

“ခင်ဗျား ကျွန်တော်တို့ရဲ့ မြေပုံကိုပဲ ကြည့်လိုက်ပါ၊ ဒီအပြာရင့်ရောင်တွေက တရုတ်မှာ ရေအများကြီး ရှိနေတယ်ဆိုတာကို ပြတာပါ၊ ဒီ အနီရင့်ရောင်တွေကတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ  ရေမရှိတော့ဘူးဆိုတာကို ပြတာပါ” ဟု ၎င်းက ပြောသည်။

“ တရုတ်တို့ဟာ ဆည်တွေကနေတဆင့် ဒီမြစ်ရဲ့ ရေစီးမှုကို ထိန်းညှိနိုင်ပါတယ်၊ အဲဒီအတိုင်း အတိအကျ လုပ်နေပုံလည်း ရပါတယ်” ဟု ၎င်းက ပြောသွားသည်။

မြစ်အောက်ပိုင်း ထိခိုက်မှုတွေကတော့ တရုတ်ဆီကနေ ရေတွေ ရုတ်တရက်လွှတ်ခြင်းကြောင့် ဖြစ်ခြင်းဖြစ်သည်။ တခါတရံ ယင်းရေလွှတ်မှုများက ကြိုတင်မကြေညာဘဲ ဖြစ်လာတတ်သဖြင့် ရေရှားပါးမှုကြောင့် ကမ်းပါးအနီး စိုက်ပျိုးထားသည့် သီးနှံများ ရေလွှမ်းမိုးခံရခြင်းများ ဖြစ်ပေါ်ခဲ့သည်။

“ တရုတ်ဘက်က ရေလွှတ်တာက နိုင်ငံရေးနဲ့ ဆိုင်ပါတယ်၊ဒါက အကူအညီပေးတယ်လို့ သူတို့ကတော့ ပြောတာပေါ့၊ ဒီလိုနဲ့ သူတို့က ထိခိုက်မှုတွေကိုပဲ ဖြစ်စေပါတယ်၊ ဒါပေမယ့် သူတို့က သူတို့ကို ကျေးဇူးတင်ဖို့ ပြောပါတယ်” ဟု Mahasarakham တက္ကသိုလ်မှ Mr Chainarong က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly