တရုတ်သည် COVID-19 ကပ်ရောဂါကို ခုတုံးလုပ်၍ တောင်တရုတ်ပင်လယ်ကိစ္စအပေါ် အခွင့်အရေးယူနိုင်ကြောင်း လေ့လာသူများသုံးသပ်

တရုတ်သည် COVID-19 ကပ်ရောဂါကို ခုတုံးလုပ်၍ တောင်တရုတ်ပင်လယ်ကိစ္စအပေါ် အခွင့်အရေးယူနိုင်ကြောင်း လေ့လာသူများသုံးသပ်

ဧပြီ ၁၄

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းမှ လှုပ်ရှားမှုများစွာကို ရပ်တန့်သွားစေသော်လည်း တရုတ်နိုင်ငံသည် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ကိစ္စနှင့်ပတ်သက်ပြီး ကျူးကျော်ရန်စမှုများ ဆက်လက်လုပ် ဆောင်နေဆဲဖြစ်သည်။ ထိုလုပ်ရပ်များကြောင့် အမေရိကန်နှင့်တရုတ်နိုင်ငံအကြား မယုံကြည်မှုများ ပိုမိုနက်ရှိုင်းလာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြသည်။

တရုတ်ပြည်မကြီးအတွင်း COVID-19 ရောဂါဖြစ်ပွားမှု အရှိန် လျော့ကျသွားစဉ်  အငြင်းပွားဖွယ်ပိုင်နက် အတွင်း အရှေ့တောင်အာရှ အိမ်နီးနိုင်ငံများအပေါ် ၎င်း၏ အဆက်မပြတ်သောရန်လိုမှုကြောင့် အဆိုပါနိုင်ငံများနှင့် ပဋိပက္ခများဖြစ်ပေါ်လာခဲ့ပြန်သည်။   

လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်က တရုတ်အစိုးရသည် ကူးစက်ရောဂါဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသော နိုင်ငံများသို့ အကူအညီများ စေလွှတ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သေးသည်။ သို့သော် ယခုလ အစောပိုင်းက တရုတ်ကင်းလှည့်တပ်ဖွဲ့ရေယာဉ်ကြောင့် ဗီယက်နမ်ငါးဖမ်းလှေနစ်မြုပ်မှုသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့နှစ်ပေါင်းများစွာ ဩဇာအာဏာပြမှုကို တစ်ဖန် မီးမောင်းထိုးပြခဲ့သည်။ အရင်းအမြစ် ကြွယ်ဝသော အဆိုပါရေလမ်းကြောင်းကို တရုတ်နှင့်အတူ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့်ဘရူနိုင်းတို့ကလည်း ၎င်းတို့ပိုက်နက်အဖြစ် အငြင်းပွားနေကြသည်။

“ တရုတ်က သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကို  COVID-19 ကိစ္စကြောင့် အားမလျော့စေခဲ့ပါဘူး၊ ပြီးခဲ့တဲ့လက ထိုင်ဝမ်နားမှာ တိုက်လေယာဉ်ပျံသန်းမှုတွေလုပ်ခဲ့ပါတယ်၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် နောက်ပြန်မဆုတ်ဘူးဆိုတာ တခြားနိုင်ငံတွေကို အသိပေးတာပါ၊ နောက်ပြီး ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်နိုင်စွမ်းကို သူတို့နိုင်ငံသားတွေကို သတင်းစကားပါးချင်တာလည်း ဖြစ်နိုင်တယ် " ဟု Eurasia အတိုင်ပင်ခံအဖွဲ့မှ လေ့လာသူ  Kelsey Broderick က CNBC ကို ပြောခဲ့သည်။

အမေရိကန်သည် တောင်တရုတ်ပင်လယ်၏ မည်သည့်အစိတ်အပိုင်းကိုမှ မတောင်းဆိုခဲ့ဘဲ ရေကြောင်း လေကြောင်း လွတ်လပ်စွာ မောင်းနှင်သွားလာနိုင်ရေးအတွက် မြှင့်တင်လုပ်ဆောင်ခဲ့ပြီး ကျွန်းများတွင် တရုတ်တို့ စစ် လက်နက်များတပ်ဆင်ထားမှုကိုလည်း ရှုတ်ချပြောဆိုခဲ့သည်။ အမေရိကန်သည် တောင်တရုတ်ပင်လယ်ပြင်၌ စောင့်ကြည့်စစ်ဆေးမှုနှင့် စစ်ရေးလေ့ကျင့်မှုများအပါအဝင် လှုပ်ရှားမှုမျိုးစုံ လုပ်ဆောင်ခဲ့သည်။

နည်းဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးစင်တာအဖွဲ့၏ အဆိုအရ ၂၀၁၆ ခုနှစ်၌ တောင်တရုတ်ပင်လယ်ရေကြောင်းကို အသုံးပြုပြီး အမေရိကန်ဒေါ်လာ ၃.၄ ထရီလီယံတန်ဖိုးရှိ ကမ္ဘာ့ကုန်သွယ်မှုကိုလုပ်ဆောင်နိုင်ခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် အဆိုပါဒေသသည် အရေးပါသော ကုန်သွယ်မှုလမ်းကြောင်းဖြစ်နေသည်။

အမေရိကန်က တရုတ်နိုင်ငံအား တောင်တရုတ်ပင်လယ်အတွင်း တရားမဝင်တောင်းဆိုမှုများလုပ်ပြီး တခြားနိုင်ငံများကို ခေါင်းပုံဖြတ်ခြင်းကို ရပ်တန့်ရန်နှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံများကို ကူညီရန် ပြောဆိုခဲ့သည်။     

အမေရိကန်က တောင်တရုတ်ပင်လယ်အတွင်း စစ်သင်္ဘောများနှင့်လေယာဉ်များ စေလွှတ်ခဲ့မှုကိုလည်း တရုတ်တို့က ရှုတ်ချခဲ့သည်။ အမေရိကန်တို့သည် တရုတ်၏တရားဝင်တောင်းဆိုမှုကို အချည်းနှီးဖြစ်စေရန် ပြဿနာဖြစ် အောင်လုပ်နေသည်ဟု  စွပ်စွဲပြောဆိုခဲ့သည်။

“အခုအချိန်မှာ တစ်ကမ္ဘာလုံးက ကပ်ရောဂါကို ဝိုင်းဝန်းတိုက်ဖျက်နေကြရတာပါ၊ တရုတ်နိုင်ငံက ပြည်တွင်းအတွက် လုပ်ဆောင်နေရင်းနဲ့ လိုအပ်တဲ့ တခြားနိုင်ငံတွေကိုလည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့နေတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ချီးမွမ်းမှုကိုလည်း ခံရပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ပြောသည်။

“ကပ်ရောဂါကြီးက မသေချာမရေရာမှုတွေကို အကောင်အထည်ပေါ်သွားစေနိုင်တယ်၊ ပိုင်နက်အငြင်းပွားနေတဲ့ နိုင်ငံတွေထဲမှာ  အထူးသဖြင့် တရုတ်က တောင်တရုတ်ပင်လယ်မှာ သူ့ရဲ့အနေအထားကို ထပ်မံခိုင်မြဲဖို့  ကပ်ရောဂါကြောင့် နှောင့်နှေးနေတဲ့အခွင့်အရေးတွေကို အသုံးချကောင်း ချနိုင်တယ်၊ အခု သူတို့ အဲဒီလိုလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နေရတယ်” ဟု စင်္ကာပူ Nanyang Technologial University မှ သုတေသနပညာရှင် Collin Koh က ၎င်း၏အမြင်ကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly