PSG အသင်းတိုက်စစ်မှူး နေမာရဲ့ မိခင်ဖြစ်တဲ့ နာဒင်း ဂွန်ကယ်လ်ဗက်စ်ဟာ အသက် (၅၂)နှစ် ရှိပါပြီ။ သူမက နေမာရဲ့ ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်တဲ့ ဝဂ်နာကို ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး ၂၅ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ သူမတို့ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့တာပါ။
အခုအချိန်မှာတော့ အသက် ၅၂ နှစ်အရွယ် နာဒင်း တစ်ယောက် သူမထက် အသက် ၃၀ ငယ်တဲ့ Gamer လေးတစ်ယောက်နဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်းဟာ ဘရာဇီး မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။
အဲဒီ လူငယ်လေးက အသက် ၂၂ နှစ်သာ ရှိသေးပြီး နေမာရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်သလို ဘရာဇီးနိုင်ငံရဲ့ Gamer လောကမှာလည်း နာမည်ကြီးသူ တစ်ယောက်ပါ။
သီယာဂို ရာမို့စ်လို့ခေါ်တဲ့ လူငယ်လေးဟာ သူမရဲ့ သားဖြစ်သူ နေမာထက် ၆ နှစ်တောင် ငယ်သူ တစ်ယောက်ဖြစ်ပြီး ရာမို့စ်နဲ့ သူမ တွဲရိုက်ထားတဲ့ပုံတွေကို အင်စတာဂရမ်မှာ တင်လိုက်ချိန်မှာတော့ အားလုံး အံ့အားသင့်သွားခဲ့ကြတာပါ။
4K Easy လို့ခေါ်တဲ့ ဂိမ်းအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ရာမို့စ်ဟာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူဖြစ်ပြီး နေမာရဲ့ မိခင်နဲ့ ဘယ်လို ချစ်ကြိုးသွယ်သွားကြသလဲဆိုတာ ဘယ်သူမှ မပြောနိုင်ကြပါဘူး။
ရာမို့စ်ဟာ နေမာ တစ်ယောက် ဘရာဇီးကို ပြန်ရောက်လာတိုင်း မကြာခဏ လာရောက်တွေ့ဆုံတတ်သူဖြစ်ပြီး အဲဒီကနေတစ်ဆင့် နေမာရဲ့မိခင်နဲ့ ချိတ်ဆက်မိသွားတာဖြစ်နိုင်တယ်လို့ The Sun က ဖော်ပြပါတယ်။
နာဒင်းက သူမရဲ့ အင်စတာဂရမ်ပေါ်မှာ ရာမို့စ်နဲ့ တွဲနေတဲ့အကြောင်း တင်လိုက်ပြီးတဲ့နောက်မှာ နေမာက သူ့ရဲ့အမေကို ပျော်ပါစေလို့ မှတ်ချက်လာပေးခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းကတော့ နာဒင်း၊ ရာမို့စ်နဲ့ နေမာရဲ့အခြားအမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ဘရာဇီးနိုင်ငံရဲ့ အိမ်ခြံမြေရင်းနှီးမြှပ်နှံသူ ဘာနမ်ဘူကိုတို့ တွေ့ဆုံပွဲတစ်ခု လုပ်ခဲ့ကြပါသေးတယ်။
ရာမို့စ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ လုပ်ခဲ့တဲ့ နေမာရဲ့ မွေးနေ့ပွဲကိုလည်း တက်ရောက်ခဲ့ပြီး နေမာကြောင့်ပဲ ရာမို့စ်နဲ့ နာဒင်းတို့ရဲ့ဇာတ်လမ်း ဖြစ်ပေါ်လာခဲ့ကြတာလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။