အင်ဒိုနီးရှား၌ လူများအပြင်မထွက်စေရန် တစ္ဆေပုံစံကိုယ်ထင်ပြပြီး ခြောက်လှန့်

အင်ဒိုနီးရှား၌ လူများအပြင်မထွက်စေရန် တစ္ဆေပုံစံကိုယ်ထင်ပြပြီး ခြောက်လှန့်

ဧပြီ ၁၃

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Kepuh ရွာကလေးတွင်  ညအခါ၌ လူများအပြင်မထွက်စေရန် ရဲများနှင့်စေတနာ့ဝန်ထမ်းများက တစ္ဆေပုံစံကိုယ်ထင်ပြပြီး လမ်းသွားလမ်းလာများကို အလစ်ချောင်းကာ ခြောက်လှန့်လျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှကင်းဝေးစေရန်နှင့် အယူသီးသည့် သက်ကြီးရွယ်အိုများက အိမ်သားများကို အပြင်မထွက်ဖို့ ထိန်းသိမ်းနိုင်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့်  ဝိဉာဉ်ပုံစံနှင့်ခြောက်လှန့်နေကြခြင်းဖြစ်သည်။

“ဝတ်ရုံဖြူခြုံထားတဲ့ Pocong တစ္ဆေတွေက ကျောချမ်းစရာကောင်းပြီး ကြောက်စရာလည်းကောင်းတယ်၊ အဲဒါကြောင့် အပြင်ထွက်တဲ့သူတွေကို မတူညီတဲ့ပုံစံနဲ့ ဟန့်တားချင်လို့ ဒါမျိုးလုပ်ချင်ခဲ့တာပါ” ဟု ရဲများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သော လူငယ်အဖွဲ့ခေါင်းဆောင် Anjar Pancaningtyas က ပြောသည်။ 

Pocong ဆိုသည်မှာ ဝတ်ရုံဖြူခြုံထားပြီး မျက်နှာပေါင်ဒါလိမ်းကာ မျက်ကွင်းမဲနေသည့် တစ္ဆေပုံစံမျိုးဖြစ်သည်။ အင်ဒိုနီးရှား ရိုးရာပုံပြင်အရ Pocong များသည် သေလွန်ပြီး ဝိဉာဉ်ပိတ်မိနေသော သူများကို ဆိုလိုသည်။

သို့သော် ထိုနည်းဖြင့်  ပထမဆုံး စတင်လှုပ်ရှားခဲ့စဉ်က မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာဘဲ တစ္ဆေဖမ်းချင်သူများကို လက်ယက်ခေါ်သလိုဖြစ်ခဲ့သည်။ ထို့ကြောင့် စီစဉ်သူများက ရွာသားများကိုပါ စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်စေပြီး လမ်းသွားလမ်းလာများကို အငိုက်ဖမ်းကာ ခြောက်လှန့်ခိုင်းခဲ့သည်။

သမ္မတ ဂျိုကိုဝီဒိုဒိုသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံးကို Lockdown ချမှတ်ရန် ငြင်းဆန်ခဲ့ပြီး အကွာအဝေးအကန့်အသတ်ဖြင့်နေထိုင်ရန်နှင့် သန့်သန့်ရှင်းရှင်းနေကြရန်သာ တိုက်တွန်းခဲ့သည်။

“ ဒေသခံတွေက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဘယ်လိုတားဆီးရမလဲဆိုတဲ့ အသိမရှိကြဘူး၊ သူတို့က ခါတိုင်းလိုပဲ နေချင်ကြတာ၊ အိမ်ထဲမှာနေဖို့ကို မနည်းပြောနေရတယ်” ဟု ရွာသူကြီး Priyadi က ပြောသည်။

အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၃၇၃ ဦးသေဆုံးပြီး ၄၀၀၀ ကျော်ကူးစက်ခံထားရသည့်အတွက် အရေအတွက် တိုးလာမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။ 

Kepuh ရွာတွင် တစ္ဆေပုံစံကိုယ်ထင်ပြပြီးခြောက်လှန့်သည့်အခါ ရွာသူရွာသားများက ထွက်ပြေးကြသည့်အတွက် သဘာဝလွန်နည်းဗျူဟာသည် အလုပ်ဖြစ်သည်ဟု ဆိုရပေမည်။

Pocong များနှင့် ခြောက်လှန့်ကတည်းက ကလေးနှင့်လူကြီးများသည် အိမ်အပြင်မထွက်ကြတော့ဘဲ ညနေခင်း ဝတ်ပြုပြီးချိန်တွင်လည်း လမ်းမပေါ်ထွက်ပြီး စုဝေးခြင်းများလည်း မလုပ်တော့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly