အိမ်မှာ လူဝင်လူထွက်များတာ အန္တရာယ်ဟု နိုင်ငံတော်အတိုင်ပင်ခံ သတိပေး

အိမ်မှာ လူဝင်လူထွက်များတာ အန္တရာယ်ဟု နိုင်ငံတော်အတိုင်ပင်ခံ သတိပေး
Photo Credit - Aung San Su Kyi

ဧပြီ ၁၃၊ ရန်ကုန်

အိမ်တွင် လူဝင်လူထွက်များခြင်းသည် အန္တရာယ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလုထုကို သတိပေးပြောကြားသည်။

သေဆုံးသွားသော COVID-19 ရောဂါပိုးရှိသူ လူနာအမှတ် ၃၉ သည် ပြည်ပခရီးသွားရာဇဝင်မရှိသကဲ့သို့ ပြည်ပမှ ပြန်လာသူများနှင့် အဆက်အသွယ်မရှိသော်လည်း နေအိမ်တွင် လူဝင်လူထွက်များသည်ကို သိရကြောင်းနှင့် ပြည်သူများအနေဖြင့် ယခုအချိန်တွင် အိမ်အလည်မသွားကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အခြေအနေကို ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါကျတော့ အိမ်အဝင်အထွက်သိပ်များတယ်။ အဲ့တာကိုတော့ ကျွန်မတို့ ပြည်သူပြည်သားတွေကို သတိပေးချင်တယ်။ အိမ်အဝင်အထွက် သိပ်များတာဟာ အန္တရာယ်ပဲ။

ခွာခွာနေပါဆိုတာ အဲ့ဒါကို ပြောတာ။ လူနာတစ်ယောက် COVID-19 တွေ့ပြီဆိုရင် ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိခဲ့မလဲ၊ ဘယ်လိုကူးခဲ့မလဲဆိုတာကို လိုက်ပြီးတော့ စုံစမ်းပါတယ်။ စုံစမ်းတဲ့အခါမှာ လူနာ အမှတ် ၃၉ ကတော့ တိုက်ရိုက်နိုင်ငံခြားသားတွေနဲ့ ဆက်သွယ်တာမရှိဘူး။ နိုင်ငံခြားသွားဖူးတဲ့သူတွေနဲ့ ဆက်သွယ်တာမရှိဘူး။ သို့သော်ငြားလည်း အိမ်က လူဝင်လူထွက်သိပ်များပါတယ်”ဟု ပြောသည်။

ဆက်လက်ပြီး “မြန်မာလူမျိုးတွေက ယဉ်ကျေးမှုအရ ဧည့်သည်တွေကို လက်မခံတာ မလုပ်ချင်ဘူးဆိုရင် ဧည့်သည်တွေက မသွားဖို့က အရေးကြီးတယ်။ သူများအိမ်တွေကို မသွားပါနဲ့။ ကိုယ်ကနေပြီးတော့၊ ကိုယ့်ကြောင့်မလို့ သူများတွေကို ပြဿနာမဖြစ်စေပါနဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် COVID-19 လူနာများ၏ ၃၇ ရာခိုင်နှုန်းသည် ရောဂါလက္ခဏာမပြသောကြောင့် မပေါ့ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

 “အခု COVID-19 ရောဂါရှိ၊ မရှိ စမ်းသပ်တွေ့ရှိချက်တစ်ခုက ဘာလဲဆိုတော့ စမ်းသပ်ချက်ထဲမှာ ၃၇ ရာခိုင်နှုန်းက ရောဂါလက္ခဏာမပြဘူး။ မပြပေမယ့် ရောဂါရှိတယ်ပေါ့နော်။ အဲ့တာကြောင့် ဒါဟာ သိပ်ပြီးတော့ သတိထားဖို့ လိုပါတယ်။ အခု positive ဖြစ်တဲ့ ၄၁ ယောက်ထဲမှာဆိုရင် ၃၇ ရာခိုင်နှုန်းက ရောဂါလက္ခဏာလုံးဝမပြဘူး။ မပြဘဲ ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ သတိထားပါ။ ရောဂါလက္ခဏာမပြဘူးဆိုပြီးတော့ မပေါ့ပါနဲ့” ဟု ပြောသည်။

၁၄ ရက်ကျော်ပြီးမှ COVID-19 ရောဂါတွေ့ရှိရသူများလည်း ရှိလာပြီး ၁၄ ရက်အသွားအလာကန့်သတ်စောင့်ကြည့်ရုံနှင့် မလုံလောက်သောကြောင့် ၂၁ ရက်ကြာစောင့်ကြည့်မှုပြုလုပ်မည်ဖြစ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၄၁ ဦးနှင့် လေးဦးမှာ သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဧပြီလ ၁၃ ရက်မနက်အစောပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly