တရုတ်စစ်သင်္ဘောအုပ်စု ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်

တရုတ်စစ်သင်္ဘောအုပ်စု ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်

တိုင်ပေ၊ ဧပြီ ၁၃

တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘော Liaoning ဦးဆောင်သော စစ်သင်္ဘောအုပ်စုသည် စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ရန်  တနင်္ဂနွေနေ့က ထိုင်ဝမ် အရှေ့ဘက်နှင့်တောင်ဘက် ကမ်းရိုးတန်းများကို ဖြတ်သန်းသွားခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ဒီမိုကရေစီစနစ်ကျင့်သုံးသော ထိုင်ဝမ်သည် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ကျွန်းအနီး၌ တရုတ်စစ်တပ်များ အင်အားတိုးမြှင့်ချထားမှုအပေါ် စောဒကတက်ခဲ့ပြီး ၎င်းတို့အား ခြိမ်းခြောက်နေခြင်းထက် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကိုသာ အာရုံစိုက်သင့်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်၏ပထမဆုံး စစ်ဆင်ရေးလေယာဉ်တင်သင်္ဘော Liaoning သည် အခြားစစ်သင်္ဘော ၅ စီးနှင့်အတူ စနေနေ့က ဂျပန်နိုင်ငံ မီယာကိုနှင့်အိုကီနာဝါကျွန်းများအကြားရှိ မီယာကိုရေလက်ကြားကိုဖြတ်ပြီး ထိုင်ဝမ်အနောက်မြောက်ဘက်သို့ ဦးတည်သွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တနင်္ဂနွေနေ့၌ အဆိုပါလေယာဉ်တင်သင်္ဘောအုပ်စုသည် ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းရှိရေပြင်၌ ရွက်လွှင့်ခဲ့ပြီး တောင်ဘက်ရှိပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိုင်ဝမ်လက်နက်ကိုင်တပ်များသည် လေယာဉ်တင်သင်္ဘောအုပ်စု၏အခြေအနေကို စောင့်ကြည့်နေခဲ့ပြီး  နိုင်ငံ့လုံခြုံရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို ကာကွယ်ရန် လုပ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိုင်ဝမ်သည် ပုံမှန်အားဖြင့် တရုတ်စစ်ဆင်ရေးကိုတုံ့ပြန်ရာတွင် တိုက်လေယာဉ်များကို အသုံးပြုလေ့ရှိသည်။

ထိုင်ဝမ်ဘက်မှထုတ်ပြန်ချက်ကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းက ထိုင်ဝမ်တွင် သမ္မတနှင့်ပါလီမန်ရွေးကောက်ပွဲများ မတိုင်မီ တရုတ်၏ နောက်ဆုံးပေါ်လေယာဉ်တင်သင်္ဘော Shandong သည် ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော်ခဲ့မှုကို ခြိမ်းခြောက်သည့်လုပ်ရပ်အဖြစ် ထိုင်ဝမ်က ရှုတ်ချခဲ့သည်။

အမေရိကန်စစ်တပ်သည် မကြာသေးမီက ထိုင်ဝမ်အနီး ရေပိုင်နက်အတွင်းတွင် ကင်းလှည့်ခဲ့သေးသည်။ အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားကို သောကြာနေ့က ဖြတ်သန်းခဲ့ပြီး တရုတ်ကလည်း ထိုရက်မှာပင် ထိုင်ဝမ်ကျွန်းအနီးရေပိုင်နက်တွင် တိုက်လေယာဉ်များဖြင့် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်း၏ထိန်းချုပ်မှုအောက်သို့ရောက်ရှိနိုင်ရေး အင်အားအသုံးပြုမှုကို မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်း မရှိချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly