အမေရိကန် ပြန်လည်ရှင်သန်ရေး ဒု-သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ စိတ်ကူး

By The New York Times / Joe Biden
13 April 2020
အမေရိကန် ပြန်လည်ရှင်သန်ရေး ဒု-သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ စိတ်ကူး

ဧပြီ ၁၃

အမေရိကန်ရှိ သန်းနှင့်ချီသောပြည်သူများသည် အန္တရာယ်များကြားမှ တာဝန်များကို မဖြစ်မနေ ထမ်းဆောင်နေရသလို အချို့မှာလည်း သူငယ်ချင်းများ၊ ဆွေမျိုးရင်းချာ မိသားစုများနှင့် ဝေးကွာလျက် အိမ်အပြင်မထွက်ဘဲ နေနေကြရသည်။ အမေရိကန်ကို ဘေးကင်းစွာနှင့်ပြင်လည်ရှင်သန်နိုင်စေမည့် အဖြေကို အားလုံးက သိချင်နေကြသော်လည်း ထရမ့်အစိုးရသည် ယခုအချိန်ထိ ယင်းပြဿနာအတွက် အဖြေမပေးနိုင်ပေ။

ကျွန်ုပ်တို့သည် လက်ငင်းကြုံနေရသည့် ဆေးဘက်ဆိုင်ရာ အခက်အခဲများကို ထိရောက်စွာတုံ့ပြန်ခြင်းဖြင့် စတင်ပြီး နောက်ဆုံး ကာကွယ်ဆေးအများအပြားထုတ်လုပ်ကာ ဖြန့်ဝေရပေမည်။  သို့သော် ကာကွယ်ဆေးရနိုင်မည့်အချိန်ကို အိမ်ကနေ စောင့်နေ၍မဖြစ်ပါ။  ပေါင်းကူးတံတားတစ်ခုဆောက်ရန် လိုပါသည်။ ကျွန်ုပ်တို့ စိတ်ကူးစီစဉ်ထားသည့် နည်းဗျူဟာ သုံးချက်ရှိပါသည်။

ပထမဆုံးအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှု ထပ်မံမဖြစ်ပွားစေရန်လုပ်ဆောင်ရမည်။  ကန့်သတ်နေထိုင်ခြင်းကိုဆက်လက်ကျင့်သုံးပြီး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် လိုအပ်သော ပစ္စည်းကိရိယာ ထောက်ပံ့ပေးရမည်။ သမ္မတထရမ့်အနေဖြင့် ကျွန်ုပ်တို့အားလုံးဖြစ်စေချင်သည့်အတိုင်း ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှုအက်ဥပဒေအရ ရောဂါကိုတိုက်ဖျက်ရန် ၎င်း၏အာဏာကို အပြည့်အဝအသုံးချရန် လိုအပ်သည်။ သမ္မတသည် စနစ်ကျသည့်ဖယ်ဒရယ်တုံ့ပြန်မှုကိုလုပ်ဆောင်ပြီး ဆင်ခြေပေးနေမှုများကို ရပ်သင့်သည်။  အမေရိကန်များ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် သမ္မတတာဝန် ပိုမိုကျေပွန်ရန်လိုအပ်သည်။

ဒုတိယအချက်မှာ ရောဂါစမ်းသပ်မှုများကို အလွယ်တကူနှင့်မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ခြင်းနှင့် ကိုယ်ရေးလုံခြုံမှုကို အကာအကွယ်ပေးနိုင်မည့် ကွင်းဆက်သံသယလူနာ ခြေရာကောက်ခြင်းနည်းဗျူဟာ ကျင့်သုံးရန်လိုအပ်သည်။ ကျန်းမာရေးနှင့်ဝန်ဆောင်မှုဌာနက ထိုကဲ့သို့ မလုပ်နိုင်သေးကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရေးသားခဲ့သည်။ ရောဂါစမ်းသပ်မှုနှင့် သွေးရည်ကြည်စမ်းသပ်နည်းတို့ကိုလည်း တိုးမြှင့်လုပ်ဆောင်ရမည်။

တတိယအချက် အနေဖြင့် စီးပွားရေးလုပ်ငန်းများပြန်လည် ဦးမော့လာချိန် ကြုံတွေ့နိုင်သော ရောဂါတစ်ကျော့ပြန်ထလာနိုင်သည့် အခြေအနေများအတွက် ဆေးရုံများနှင့်ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် အသင့်ဖြစ်အောင် ပြင်ဆင်ထားရမည်။ ။ ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများသည် ထိရောက်သော ရောဂါစောင့်ကြည့်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်ပေသည်။ ဒေသတွင်းရောဂါဖြစ်ပွားမှုများကိုကိုင်တွယ်ဖြေရှင်းရန် ဆေးရုံများတွင်ဝန်ထမ်းများနှင့် ပစ္စည်းကိရိယာ စုံစုံလင်လင်ရှိသင့်ပြီး လိုအပ်သလောက် ကူညီပေးနိုင်စေရန် တိုးတက်သောဖက်ဒရယ်စနစ်လိုအပ်သည်။

COVID-19 ရောဂါနှိမ်နင်းရေးအတွက် ထိရောက်သောအစီအစဉ်တစ်ခုမှာ စီးပွားရေး ပုံမှန်အခြေအနေပြန်ဖြစ်အောင် မည်သို့လုပ်ဆောင်ရမည်ဆိုသည့်အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်စီးပွားရေးဆိုင်ရာတုံ့ပြန်မှုများကို ခွဲခြားပြီး စဉ်းစားခြင်းကို ရပ်တန့်သင့်သည်။ ဤအဆင့်များကို လုပ်ဆောင်နိုင်ပါက စီးပွားရေးပြန်လည် လည်ပတ်ပြီး လူများလည်း လုပ်ငန်းခွင် စတင်ဝင်နိုင်ပေလိမ့်မည်။ အရာရာသည် ချက်ချင်း ပုံမှန်အခြေအနေပြန်မဖြစ်နိုင်ပါ။  

ထို့ကြောင့် ကျွန်ုပ်တို့သည် ယခုအခြေအနေ၌ပင် လုပ်ငန်းပြန်လည်စတင်ရန်လိုအပ်သည်။ အားလုံး လုပ်ငန်းခွင်ဝင်ရောက်နိုင်သောအခါ စီးပွားရေးယန္တရား တစ်ဖန် လည်ပတ်လာမည်ဖြစ်ပြီး  မိသားစုများနှင့် အသေးစားလုပ်ငန်းများလိုအပ်မည့် ငွေကြေးကို အပြည့်အဝရရှိနိုင်ပေမည်။

အကယ်၍ ကျွန်ုပ်သာသမ္မတဖြစ်ခဲ့လျှင် လုပ်ငန်းများ ပိုမိုလုံခြုံစိတ်ချစွာ လည်ပတ်နိုင်စေရေးအတွက် နည်းလမ်းအကြံဉာဏ်များ  ထွက်ပေါ်လာစေရန်  ပုဂ္ဂလိကကဏ္ဍအသီးသီးမှ ထိပ်တန်းပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းလုပ်ဆောင်သွားမည်။

အလုပ်သမားများသည် ရုံးများနှင့်စက်ရုံများတွင် ခပ်ခွါခွါနေကာ အလုပ်လုပ်ပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှု လျော့ကျစေသော နည်းလမ်းများကို လိုက်နာရမည်။ စားသောက်ဆိုင်များတွင်လည်း စားသုံးသူများ တစ်ဦးနှင့်တစ်ဦးအနေဝေးစေရန် ဆိုင်အခင်းအကျင်းပုံစံကို ပြင်ဆင်သင့်သည်။

ရောဂါအန္တရာယ်မီးကို ငြှိမ်းသတ်ရန် တစ်ခုတည်းသောဖြေရှင်းနည်းမှာ ကာကွယ်ဆေး တွေ့ရှိဖို့ပင်ဖြစ်သည်။ သိပ္ပံပညာရှင်များသည် ၎င်းအတွက် အပြင်းအထန်ကြိုးစားနေကြသော်လည်း ကာကွယ်ဆေးရှာဖွေတွေ့ရှိခြင်းနှင့်စမ်းသပ်ခြင်းသည် ပထမအဆင့်သာဖြစ်သည်။ လိုအပ်သည့်ပမာဏကိုထုတ်လုပ်နိုင်ရန်နှင့် လူတိုင်းဆီ ဖြန့်ဝေနိုင်ရန်တို့မှာ ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။

အမေရိကန်ကို တစ်ဖန်ပြန်လည်ဦးမော့လာနိုင်ရေးပြင်ဆင်နေချိန်၌ ကပ်ရောဂါအကျပ်အတည်းမှရရှိခဲ့သည့် သင်ခန်းစာများကိုလည်း အမှတ်ရနေသင့်သည်။ ကပ်ရောဂါအပေါ် အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် တစ်နိုင်ငံလုံး ဆိုးရွားသော ရလဒ်များနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ထိုအမှားမျိုး နောက်တစ်ကြိမ် အဖြစ်မခံသင့်ပေ။

ကျွန်ုပ်တို့တွင် လက်နက်ကိရိယာ၊ ကျွမ်းကျင်မှုနှင့် ယခုအခါ ဆိုးရွားသည့်အတွေ့အကြုံများကိုပင် ရရှိထားပြီး ဘာလုပ်ရမည်ကိုလည်း ကျွန်ုပ်တို့ သိနေပြီဖြစ်သည်။ အမေရိကန်ပြည်သူများသည် ဖျားနာခြင်း၊ သေဆုံးခြင်းနှင့် စီးပွားရေးဆုံးရှုံးနစ်နာခြင်းများ ကြုံတွေ့ခဲ့ရကာ တန်ဖိုးများစွာ ပေးဆပ်ခဲ့ပြီးဖြစ်သောကြောင့် အိမ်ဖြူတော်အနေဖြင့်  အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်ပြီး နိုင်ငံကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် လုပ်ဆောင်ရန် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags