လူနေမှုအဆင့်အတန်းနိမ့်ကျသူများ COVID-19 ဒဏ်ကို ပိုမိုခံစားရ

လူနေမှုအဆင့်အတန်းနိမ့်ကျသူများ COVID-19 ဒဏ်ကို ပိုမိုခံစားရ

ဝါရှင်တန်၊ ဧပြီ ၁၃

အမေရိကန်ပြည်ထောင်စုမှာ အာဖရိကနွယ်ဖွား အမေရိကန်လူမျိုးတွေနဲ့ စပိန်စကားပြော လက်တင်အမေရိကနွယ်ဖွားတွေဖြစ်တဲ့ ဟစ်စပန်းနစ် (Hispanic) လူ့အဖွဲ့အစည်းတွေဟာ ကျန်းမာရေးစောင့် ရှောက်မှု ကောင်းကောင်းမရကြဘဲ အန္တရာယ်များတဲ့အခြေအနေနဲ့ နေထိုင်ရတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။

နယူးယောက်မြို့လူဦးရေရဲ့ ၂၉ ရာခိုင်နှုန်းလောက်က ဟစ်စပန်းနစ်လူမျိုးတွေဖြစ်ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူတွေရဲ့ ၃၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။

အာဖရိကန်-အမေရိကန်တွေဟာလည်း ဆင်းရဲမွဲတေမှုကြောင့် နဂိုရောဂါအခံတွေရှိကြပြီး ကျန်းမာရေးစောင့်ရှောက်မှုမှာ ခွဲခြားဆက်ဆံမှုကိုကြုံတွေ့ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။ ဒါ့အပြင် အိမ်အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့သူက ပိုများတယ်။

လူမည်းတွေမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါတွေ ပိုရှိကြတယ်လို့ ခွဲစိတ်ဆရာဝန်ကြီးJerome Adams က ပြောပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ ကျန်းမာရေးနယ်ပယ်မှာ လူမျိုးရေးခွဲခြားခံရတာတွေကြောင့် နာတာရှည်ရောဂါတွေဖြစ်ပြီး COVID-19 ရောဂါကို ပိုမိုခံစားရတယ်လို ဆိုပါတယ်။

ချီကာဂိုမြို့မှာ အာဖရိကန်-အမေရိကန်လူမျိုး ၃၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ချီကာဂိုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၈ ရာခိုင်နှုန်းလောက်က အာဖရိကန်-အမေရိကန်တွေပါ။

လူမည်းတွေက ရောဂါကူးစက်နိုင်ခြေရှိတဲ့ ပြင်ပကို အလုပ် ထွက်လုပ်နေကြရတာဖြစ်လို့ ရောဂါဖြစ်ပွားမှုက လူနေမှုအဆင့်အတန်းနဲ့လည်း သက်ဆိုင်တယ်လို့ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့မှ Dr. Georges Benjamin က ပြောပါတယ်။

မြောက်ကယ်ရိုလိုင်းနား၊ လူဝီစီယားနား၊ မီချီဂန် ၊ ဝစ္စကိုဆင်နဲ့ မြို့တော် ဝါရှင်တန်တို့မှာလည်း အလားတူ ဖြစ်ရပ်မျိုးတွေကို တွေ့နေရပါတယ်။  

အမေရိကန်ဟာ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေပြီး ကူးစက်သူ ၅၀၀ ၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၂ ၀၀၀ ကျော်ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly