စုပေါင်းဝတ်ပြုသူတစ်ဦးနှင့် ဧည့်လမ်းညွှန်နေအိမ်မှ နောက်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

စုပေါင်းဝတ်ပြုသူတစ်ဦးနှင့် ဧည့်လမ်းညွှန်နေအိမ်မှ နောက်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ
Photo: AFP

ဘာသာရေးအခမ်းအနားတစ်ခုတွင် ပါဝင်ခဲ့သူ နောက်တစ်ဦးနှင့် ဧည့်လမ်းညွှန်အမျိုးသမီး၏နေအိမ်မှ နောက်ထပ်မိသားစုဝင်တစ်ဦးတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သန်းခေါင်ကျော်အချိန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

တင်္နလာနေ့ နေ့ကူးစ ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ အသက် ၃၈ နှစ်အရွယ်အမျိုးသားသည် ယမန်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသော လူနာ ငါးဦးနှင့်အတူ ဘာသာရေးအခမ်းအနားအတူ တက်ခဲ့ဖူးသူဖြစ်သည်။

ယနေ့နံနက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းစသော လက္ခဏာများခံစားရသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီး သို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သူသည် ဧပြီ ၆ ရက်နေ့က စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်းစသော လက္ခဏာများ ခံစားခဲ့ရသော်လည်း ရောဂါလက္ခဏာမှာ ပြင်းထန်ခြင်းမရှိသဖြင့် ဆေးရုံသို့ မသွားဘဲနေခဲ့သည်ဟု ဆိုသည်။

နောက်ထပ်လူနာတစ်ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၆၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူသည် ပြင်သစ်ခရီးသွားများနှင့်အတူ ခရီးသွားခဲ့သည့် ဧည့်လမ်းညွှန်အမျိုးသမီးနှင့် အတူနေ မိသားစုဝင်ဖြစ်သည်။ နေအိမ်၌ အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထားရာက ဧပြီ ၉ ရက်နေ့တွင် ဓာတ်ခွဲနမူနာယူခဲ့သော်လည်း ရောဂါပိုးမတွေ့ဘဲ ယမန်နေ့က ထပ်မံစစ်ဆေးမှသာ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါနေအိမ်တွင် နောက်ထပ်ကူးစက်ခံရသူ တစ်ယောက်ရှိခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၄၁ ဦးရှိသွားပြီဖြစ်ပြီး ကွယ်လွန်သူ လေးဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly