ဧပြီ ၁၂ ၊ ၂၀၂၀
COVID -19 လူနာအမှတ် (၂၅) သည် မြိတ်မြို့ မင်္ဂလာဆောင်ကို သွားရောက်ခဲ့သည့်အတွက် ၎င်းတည်းခိုနေရာကို lockdown လုပ်ကာ နီးစပ်ခဲ့သော လူ ၁၅၀ ကျော်ကို Quarantine လုပ်ထားကြောင်း မြိတ်မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးကော်မတီက ပြောသည်။
လူနာအမှတ် (၂၅) တည်းခိုခဲ့သည့် မြိတ်မြို့ ကန်ဖျား လမ်းမကြီးရှိ အိမ်တော်ဖြူ ဟိုတယ်ကို လူဝင်လူထွက်တားမြစ်ခြင်း ပြုလုပ်ထားသည်။ ဟိုတယ်ပိုင်ရှင်အပါအဝင် ဝန်ထမ်း ၃၂ ဦးကို ဟိုတယ်တွင်လည်းကောင်း၊ ဟိုတယ်ဝန်ထမ်းမိသားစုဝင် ၁၁၇ ဦးကို မြိတ်တက္ကသိုလ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့် စင်တာတွင်လည်းကောင်း ထားရှိပြီး မင်္ဂလာမောင်နှံနှင့် ၎င်းတို့၏ မိသားစုဝင်များကို နေအိမ်အတွင်းတွင် အသွားအလာကန့်သတ်စောင့်ကြည့် အဖြစ်လည်းကောင်းထားရှိသည်။
မြိတ်မြို့နယ် COVID-19 ကြိုတင် ကာကွယ်ရေး ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ဗီဒီယိုမှတ်တမ်း တချို့ကို ထပ်မံ စစ်ဆေးကာ နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်သည်ဟု ပြောသည်။
မြိတ်မြို့တွင် Facility quarantine သုံးခုရှိကာ ကျေးရွာအုပ်စုများအတွက်တော့ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို စောင့်ကြည့်ရေးစင်တာများအဖြစ် လုပ်ထားသည်။
လက်ရှိ မြိတ်မြို့ရှိ စောင့်ကြည့်ရေး စင်တာများတွင် ရောက်ရှိ နေသူများမှာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် ရှိနေကြောင်း သိရ သည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
လူနာအမှတ် (၂၅)သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသားဖြစ်သည်။ သူတက်ရောက် ခဲ့သည့် မြိတ်မြို့က မင်္ဂလာပွဲမှာ အကျဉ်းချုပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်း မင်္ဂလာ ဆောင်ပွဲကို တက်ရောက်သူ ဦးရေ ၇၀ မှ ၁၀၀ အထိ ရှိနိုင်ကြောင်း ဗွီဒီယို မှတ်တမ်း အရ ခန့်မှန်းထားကြောင်း သက်ဆိုင်ရာက သတင်း မီဒီယာများ၏ မေးမြန်းမှု အပေါ် ပြန်လည် ဖြေကြား ထားသည်။
သူသည်ဧပြီ ၂ ရက်နေ့တွင် စတင်ဖျားနာ၍ နောက်တစ်ပတ်အကြာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသသည်။
ထိုအတောအတွင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သော အောင်ရတနာသို့ သွားရောက်ပြသဖူးသည့်အတွက် ယခုအခါ ဆရာဝန်နှင့် သူနာပြု ၁၅ ဦးကို အသွားအလာကန့်သတ်စောင့်ကြည့်နေရာ ပို့ဆောင်ထားသည်။