ဘင်္ဂလားဒေ့ရှ်သမ္မတဟောင်းကိုလုပ်ကြံခဲ့သူ စစ်ခေါင်းဆောင်အား ကြိုးပေးကွပ်မျက်

ဘင်္ဂလားဒေ့ရှ်သမ္မတဟောင်းကိုလုပ်ကြံခဲ့သူ စစ်ခေါင်းဆောင်အား ကြိုးပေးကွပ်မျက်

ဧပြီ ၁၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ သမ္မတဟောင်း Sheikh Mujibur Rahman ကို လုပ်ကြံပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ခေါင်းဆောင် Abdul Majed ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းမိခဲ့ပြီး တနင်္ဂနွေနေ့မှာ ကြိုးပေးကွပ်မျက်လိုက်တယ်လို့ တရားရေးရာအာဏာပိုင်တွေက ပြောပါတယ်။

Sheikh Mujibur Rahman ဟာ လက်ရှိ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ ဖခင်လည်းဖြစ်ပါတယ်။ သူဟာ ပါကစ္စတန်လက်အောက်နေ လွတ်မြောက်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့ပြီးလေးနှစ်အကြာ ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၅ ရက် စစ်အာဏာသိမ်းမှုမှာ မိသားစုဝင်အများစုနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကပ္ပတိန် Abdul Majed ဟာ တခြားစစ်ခေါင်းဆောင် တစ်ဒါဇင်ခန့်နဲ့အတူ ၁၉၉၈ က မျက်ကွယ်သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်တရားရုံးက အဆိုပါလုပ်ကြံမှုအတွက် စီရင်ချက်ချမှတ်ခဲ့ပြီး လပိုင်းအကြာမှာ လုပ်ကြံမှုကျူးလွန်သူတွေထဲက ၅ ဦးကို ကွပ်မျက်ခဲ့ပါတယ်။

Majed ဟာ ၁၉၉၆ ခုနှစ်က အိန္ဒိယကို ထွက်ပြေးသွားခဲ့တယ်လို့ ယူဆရပြီး ပြီးခဲ့တဲ့လကမှ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။  

Abdul Majed ကို ပြီးခဲ့တဲ့အင်္ဂါနေ့အစောပိုင်းက မြို့တော် ဒါကာမှာပဲ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

Majed ရဲ့ အသနားခံလျှောက်လဲချက်ကို သမ္မတက ပယ်ချလိုက်ပြီးတဲ့နောက် အကျဉ်းထောင်အာဏာပိုင်တွေက Majed ကို ကြိုးပေးကွပ်မျက်ဖို့လုပ်ဆောင်ခဲ့ကြပါတယ်။

“ ကြိုးပေးကွပ်မျက်တာကို ဒါကာမြို့ပြင်က အကြီးဆုံးအကျဉ်းထောင်မှာလုပ်ခဲ့တာပါ၊ တနင်္ဂနွေနေ့ မနက် ဒေသစံတော်ချိန် ၁၂ နာရီ ၁ မိနစ်မှာ ကွပ်မျက်ခဲ့တာပါ” လို့ တရားရေးရာဝန်ကြီး Anisul HuQ က AFP ကိုပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags