ဖျက်လိုက်သည့် ဝက်ဘ်စာမျက်နှာများက တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် သုတေသနအပေါ် အစိုးရ၏ ထိန်းချုပ်မှုများ ညွှန်ပြနေ

ဖျက်လိုက်သည့် ဝက်ဘ်စာမျက်နှာများက တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် သုတေသနအပေါ် အစိုးရ၏ ထိန်းချုပ်မှုများ ညွှန်ပြနေ

ဧပြီ ၁၂၊ ၂၀၂၀

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်သစ်၏ မူလဇာစ်မြစ်များနှင့်ပတ်သက်သည့် ပညာရပ်ဆိုင်ရာ သုတေသနများကို အများပြည်သူထံ ထုတ်ပြန်ဖော်ပြခြင်းအပေါ် အာဏာပိုင်တို့က ထိန်းချုပ်နှိပ်ကွပ်မှုများ လုပ်ဆောင်လျက် ရှိနေကြောင်း တရုတ်တက္ကသိုလ်များက အွန်လိုင်းပေါ် တင်ခဲ့သည့် စာတမ်းအထောက်အထားများက ညွန်ပြလျက် ရှိသည်။

ယင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မည်သို့ မည်ပုံဖြစ်ပွားသည်ဆိုခြင်းအပေါ်  ထိန်းချုပ်ရန် တရုတ်အာဏာပိုင်တို့ဘက်က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ဒေသလည်း ဖြစ်ဖွယ်ရှိသည်။

မကြာသေးခင်က တရုတ်ထိပ်တန်းတက္ကသိုလ်များ၏ ဝက်ဘက်ဆိုက်နှစ်ခုပေါ်တွင်  ထုတ်ပြန်ခဲ့ပြီး ပြန်ဖျက်လိုက်သော ဝက်ဘ်ဆိုက်စာမျက်နှာများက နိုင်ငံတွင် COVID-19 နှင့်သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာ စာတမ်းများကို အများပြည်သူထံ ထုတ်ပြန်ဖော်ပြခြင်းမပြုမီ အထူး စိစစ်မှု ခံယူရန် လိုအပ်သည့် မူဝါဒသစ်တစ်ခုရှိနေပြီဆိုသည်ကို ညွှန်းဆိုပြနေသည်။

 ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့် ပတ်သက်သည့် သုတေသနပြုလုပ်မှုသည် အထူးတလည် သတိထားဆင်ခြင်ရမည့် ကိစ္စရပ်ဖြစ်သလို ယင်းသုတေသနများနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများ၏ စစ်ဆေးမှုကို ခံယူသွားရန်လိုသည်ဟုဆိုကာ ဖူဒန် တက္ကသိုလ်နှင့် တရုတ် ဘူမိသိပ္ပံ တက္ကသိုလ် (ဝူဟန်) တို့၏ ဝက်ဘ်ဆိုဒ်များပေါ်တွင် တင်ခဲ့သည့် စာတမ်းများတွင် ရေးသားဖော်ပြထားသည်ဟု သိရသည်။ သို့သော် နောက်ပိုင်းတွင် ပြန်ဖျက်သွားသဖြင့် Online caches မှသာ ယူ၍ရခဲ့သည်။

COVID-19 ရောဂါ ဖြစ်ပွားသည့် အစောပိုင်းနေ့ရက်များနောက်ပိုင်း ဗိုင်းရပ်စ်၏ ဆင့်ကဲဖြစ်စဉ်နှင့် ယင်းနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုအပေါ် မည်သို့မည်ပုံ သိမြင်သဘောပေါက်သလဲ ဆိုသည်ကို တရုတ်အစိုးရက အထူးတလည် အာရုံစိုက်ထားခဲ့ကြောင်း လန်ဒန်မြို့ရှိ SOAS China Institute ၏ ဒါရိုက်တာ ပါမောက္ခ Steve Tsang က ပြောသည်။

“ဦးစားပေးမှု အပိုင်းအရ ပြောရရင် အကြောင်းအရာဇာတ်လမ်းအပေါ် ထိန်းချုပ်ခြင်းက အများပြည်သူကျန်းမာရေး ဒါမှမဟုတ် စီးပွားရေးဆိုးကျိုး ဖြစ်ပေါ်မှုတို့ထက် ပိုအရေးကြီးပါတယ်၊ ဒီလို ပြောလိုက်လို့ စီးပွားရေးနဲ့ အများပြည်သူ ကျန်းမာရေးက အရေးမကြီးဘူးလို့  ဆိုလိုတာမဟုတ်ပါဘူး၊ ဒါပေမယ့် ဇာတ်လမ်းအကြောင်းအရာ (ဘယ်လိုဖြစ်ခဲ့တာလဲ)က ပဓာနကျတဲ့ ကိစ္စ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာတဝန်း လူတစ်သန်းကျော်ကို ကူးစက်ခဲ့ပြီး အထူးသဖြင့် ဥရောပနှင့် အမေရိကန်တွင် လူသေဆုံးမှု အများအပြား ဖြစ်ပေါ်ထားစေခဲ့ခြင်းနှင့်အတူ ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့် ကူးစက်ဖြစ်ပွားမှု ပထမသီတင်းပတ်များနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အထူးတလည် သတိထားဆင်ခြင်ရမည့်၊ အထိအခိုက်မခံသည့် အချက်အလက်များဟု ယူဆနိုင်သည်။

“ တကယ်လို့သာ ဒီစာတမ်းအထောက်အထားတွေကသာ အစစ်အမှန်ဖြစ်ပြီး ခိုင်လုံမှု ရှိတယ်ဆိုရင် တရုတ်အစိုးရဟာ ကိုဗစ်-၁၉ ရဲ့ မူလဇာစ်မြစ်နဲ့ပတ်သက်လို့ ဇာတ်လမ်းအကြောင်းအရာကို အလွန်အမင်း တင်းကျပ်စွာ ထိန်းချုပ်ချင်နေတယ်ဆိုတာကို ပြသနေပါလိမ့်မယ်” ဟု Tsang က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly