COVID-19 ကို ကုသနိုင်သည်ဟု ယူဆပြီး အရက်သောက်သုံးပါက အသက်သေဆုံးမှုကို ဖြစ်စေနိုင်ဟု ထိုင်းဆရာဝန်များ သတိပေး

COVID-19 ကို ကုသနိုင်သည်ဟု ယူဆပြီး အရက်သောက်သုံးပါက အသက်သေဆုံးမှုကို ဖြစ်စေနိုင်ဟု ထိုင်းဆရာဝန်များ သတိပေး

ဧပြီ ၁၁

COVID-19 ကို ကုသရန်အရက်၊ အရက်စစ်စစ် (Purealcohol) သို့မဟုတ် အီသိုင်းလ်အယ်လ်ကိုဟောကို သောက်သုံးခြင်းက လူတချို့စွဲကိုင်ထားသည့် အယူလွဲတစ်ခုဖြစ်ကြောင်း၊ ယင်းက လူ့အသက်ကိုဆုံးရှုံးစေသည်အထိ ဖြစ်စေနိုင်ကြောင်း ထိုင်းအမျိုးသားမူးယစ်ဆေးဝါးအလွဲသုံးမှု ကုသရေးအဖွဲ့ (Princess Mother National Institute on Drug Abuse Treatment) ၏ ဒါရိုက်တာ Dr Sarayut Boonchaipanichwattana က သတိပေးသွားခဲ့သည်။

အရက်သောက်ခြင်း အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်သည်ဟု ယုံကြည်ထားသည့် ကုသမှုနည်းလမ်းပေါင်းစုံကို လူတချို့ စမ်းသပ်ကြည့်နေကြသည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် Dr Sarayut က အထက်ပါအတိုင်း သတိပေးချက်တစ်ရပ်ကို ထုတ်ခဲ့ခြင်း ဖြစ်သည်။

အီသိုင်းလ် အယ်လ်ကိုဟော သို့မဟုတ် အက်သနောသည် ၉၅ ရာခိုင်နှုန်း အရက်စစ်စစ်ဖြစ်ပြီး သကြားနှင့် ကစီဓာတ်များသော အပင်များမှ ထုတ်လုပ်ကြောင်း၊ ယင်းအပြင် အချိုရည်များတွင် ရောထားသည့် အရက်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းသည် သောက်သုံးနိုင်သည့် အရက်အမျိုးအစားတစ်ခုဖြစ်သော်လည်း ယင်းအရက် ပါဝင်မှုနှုန်းမြင့်မားခြင်းက အဆိပ်ဖြစ်စေပြီး တချို့ဖြစ်စဉ်များတွင် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ကြောင်း ၎င်းက သတိပေးသွားသည်။ ယင်းအတွက်ကြောင့် ယင်းသည် သန့်ရှင်းခြင်း၊ သုတ်ခြင်းပွတ်ခြင်း နှင့် ပိုးသတ်ခြင်းတို့အတွက် ပိုမိုသင့်တော်ကြောင်း သိရသည်။ အရက်ပျံ (rubbing alcohol) သို့မဟုတ် လက်သန့်ဆေးရည်များတွင် အသုံးပြုသည့် အက်သနောသည် သောက်သုံး၍ မရကြောင်း၊ အကြောင်းမှာ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ထည့်သွင်းသည့် ဓာတုပစ္စည်းအမျိုးမျိုးက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။

COVID-19 ကို သတ်နိုင်သည်ဟု မျှော်လင့်ပြီး အရက်သောက်ခြင်းက သောက်သုံးသူများ (အထူးသဖြင့် ပုံမှန်သောက်သူများ) ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေများပြားသည့် အန္တရာယ်တစ်ခုသို့ ကျရောက်ကောင်း ကျရောက်သွားစေနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် Dr Manus Potaporn ကလည်း ပြောသည်။ အရက်က ခန္ဓာကိုယ်ထဲ ဝင်သွားသည့်အခါ ယင်းကို ခန္ဓာကိုယ် စနစ်အားလုံးက စုပ်ယူပို့လွှတ်မည်ဖြစ်ပြီး ယင်းနောက် ကိုယ်ခံအားစနစ်ကို ဖျက်စီးကာ သွေးဖြူဥများ၏ အပြည့်အဝ အလုပ်လုပ်နိုင်စွမ်းကို ထိခိုက်စေနိုင်မည်ဖြစ်သည့်အတွက် အမျိုးမျိုးသော ကူးစက်မှုများကို ခံနိုင်စွမ်းအား ပိုမိုကျဆင်းသွားစေနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် အရက်သောက်ရန် လူစုဝေးခြင်း နှင့် လူများ ရောနှောဆက်ဆံခြင်းကလည်းပစ္စည်းများကိုအတူတူထိတွေ့မိခြင်းသို့မဟုတ်ဝေမျှသုံးစွဲခြင်းတို့ရှိမည်ဖြစ်သဖြင့်ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေကိုပိုမိုမြင့်တက်စေမည်ဖြစ်သည်။

အရက်ပမာဏ များများ သောက်ခြင်းက ကိုရိုနာဗိုင်းရပ်စ် ကို သတ်နိုင်မည်မဟုတ်ဘဲ ယင်းက ပြင်းထန်ဆိုးရွားသည့် အရက်အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ကြောင်း Dr Manus Potaporn က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly