ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် IMF က တူနီးရှားနိုင်ငံကို ချေးငွေ ဒေါ်လာ ၇၄၅ သန်း ထုတ်ပေး

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် IMF က တူနီးရှားနိုင်ငံကို ချေးငွေ ဒေါ်လာ ၇၄၅ သန်း ထုတ်ပေး

ဧပြီ ၁၁

တူနီးရှားနိုင်ငံအတွက် အရေးပေါ်ချေးငွေ ဒေါ်လာ ၇၄၅ သန်း ထုတ်ချေးရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဧပြီ ၁၀ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

IMF အနေဖြင့် လက်ရှိကာလတွင် ကိုရိုနာဗိုင်းရပ်စ်အရေး တိုက်ဖျက်နေရသော နိုင်ငံများကို အကူအညီ ချေးငွေများ ဆက်လက် ဖြန့်ကျက် ထုတ်ပေးနေလျက် ရှိသည်။

“တူနီးရှားမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ဟန့်တားဖို့အတွက် အရေးပေါ် ဘဏ္ဍာရေးဆိုင်ရာ လိုအပ်မှုတွေ၊ ပြည်ပငွေပေးငွေယူ ရှင်းတမ်းလက်ကျန် လိုအပ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒီ ရင်းမြစ်တွေက အကူအညီဖြစ်စေပါလိမ့်မယ်” ဟု IMF က ထုတ်ပြန်သွားသည်။

တူနီးရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြီးကြီးမားမား ထိခိုက်လျက် ရှိပြီး ယင်းနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၄ ဒသမ ၃ ရာခိုင်နှုန်း ကျုံ့မည်ဟု မျှော်လင့်ရကြောင်း IMF က ပြောသည်။ ယင်းသည် ၁၉၅၆ ခုနှစ် တူနီးရှားလွတ်လပ်ရေးနောက်ပိုင်း အနက်ရှိုင်းဆုံး စီးပွားရေးကျဆင်းမှု ဖြစ်လာမည်ဖြစ်သည်။

အဆိုပါ ဘဏ္ဍာငွေကြေးများကို ကျန်းမာရေး အစီအမံများအတွက် ငွေကြေးထောက်ပံ့ပေးရန်၊ လူမှုရေးအကူအညီအစီအစဉ်များကို အားကောင်းစေရန်နှင့် စီးပွားရေးလုပ်ငန်းများကို အကျပ်အတည်းကနေ ကူညီခုသာခံသာ ဖြစ်စေရန်အတွက် အသုံးပြုသွားနိုင်မည်ဖြစ်သည်။

တူနီးရှားနိုင်ငံတွင် ပထမဆုံးသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို မတ်လအစပိုင်းက စတင်ထုတ်ဖော်ပြီးနောက် ယခုအခါ စုစုပေါင်း ကူးစက်ခံရသူ ၆၀၀ ကျော်နှင့် သေဆုံးသူ ၂၅ ဦး ရှိနေကြောင်း တရားဝင် ကြေညာထားသည်။

တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးသည့် အကျပ်အတည်းကာလ ငွေကြေးမတည်ရေးဆိုင်ရာ စီးပွားရေးနိုးဆွမှု အကူအညီတောင်းဆိုမှုပေါင်း ၉၀ ကို အကြောင်းပြန်နိုင်ရန် IMF အနေဖြင့် လျင်မြန်စွာ လုပ်ဆောင်နေရလျက် ရှိသည်။

ဧပြီ ၁၀ ရက်တစ်နေ့တည်းမှာပင် IMF အနေဖြင့် အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ မော်လ်တာနှင့် မြောက်မက်ဆီဒိုးနီးယားတို့အတွက် ချေးငွေများကို အတည်ပြုပေးခဲ့သည်။

IMF တွင် ငွေထုတ်ချေးနိုင်သည့် ပမာဏ ဒေါ်လာ ၁ ထရီလီယံအထိ ရှိကြောင်း၊ ထို့ပြင် IMF ဘုတ်အဖွဲ့အနေဖြင့် ယင်း၏ လျင်မြန်စွာ ဖြန့်ကျက်နိုင်မည့် အရေးပေါ် အထောက်အပံ့ပမာဏကို ဒေါ်လာ ၁၀၀ ဘီလီယံအထိ ယခုအပတ်အတွင်း နှစ်ဆတိုးထားခဲ့ကြောင်း IMF ၏ မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က ပြောသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly