COVID-19 ရောဂါပျောက်ကင်းသွားသောလူနာများ၌ ကိုရိုနာဗိုင်းရပ်စ် ထပ်မံစစ်ဆေးတွေ့ရှိ

COVID-19 ရောဂါပျောက်ကင်းသွားသောလူနာများ၌ ကိုရိုနာဗိုင်းရပ်စ် ထပ်မံစစ်ဆေးတွေ့ရှိ

ဆိုးလ်၊ ဧပြီ ၁၁

COVID-19 ရောဂါပျောက်ကင်းသွားသည့် လူနာ ၉၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထပ်မံတွေ့ရှိခဲ့ရကြောင်း တောင်ကိုရီးယားအာဏာပိုင်များက သောကြာနေ့တွင် ပြောသည်။

ကိုရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (KCDC) မှ ဒါရိုက်တာ Jeong Eun-kyeong က လူနာများသည် ပြန်လည်ကူးစက်ခံရခြင်းထက် ဗိုင်းရပ်စ်က ပြန်လည်ရှင်သန်လာခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်းမာရေးအာဏာပိုင်များက ကူးစက်ရောဂါပြန့်ပွားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုမှ ပြန်လည်သက်သာလာသူ ၇ ၀၀၀ နီးပါးရှိသည်။

“၉၁ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပြန်တွေ့ရတယ်ဆိုတာ အခုမှ အစပဲရှိပါသေးတယ် ၊ အရေအတွက် ပိုတိုးလာနိုင်တယ်၊ ရောဂါဟောင်းပြန်ထလာတာဖြစ်နိုင်တယ် ” ဟု Korea University Guro Hospital မှ ကူးစက်ရောဂါ ဆိုင်ရာ ပါမောက္ခ Kim Woo-joo ကပြောသည်။

စမ်းသပ်မှုမှားယွင်းခြင်း သို့မဟုတ် လူနာတွင် ဗိုင်းရပ်စ်အကြွင်းအကျန်များ ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု တခြားပညာရှင်များကဆိုသည်။

တောင်ကိုရီးယားတွင် သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၇ ဦး ထပ်မံတွေ့ရှိခဲ့သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းစ၍ ကူးစက်မှုမြင့်တက်ခဲ့ပြီး တစ်နေ့တာကူးစက်မှုနှုန်း ၉၀၀ အထိပင်ရှိခဲ့ကာ ယခုအခြေအနေသည် အနည်းဆုံးဟု ဆိုရပေမည်။

ဗိုင်းရပ်စ်သည် Daegu မြို့မှစတင်ကာ ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ၎င်းမြို့၌ ကူးစက်ခံရသူ ၆ ၈၀၇ ဦးရှိကာ တစ်နိုင်ငံလုံးကူးစက်ခံရသူဦးရေ၏ ထက်ဝက်ကျော်ခန့်ရှိသည်။

ယနေ့အချိန်အထိ ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ၄၅၀ ဦးရှိပြီး ၂၁၁ ဦး သေဆုံးထားသည်ဟု KCDC က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly