အသက် စွန့်ရလောက်အောင် ဘယ်ပြိုင်ပွဲကမှ မထိုက်တန်ဘူးလို့ ဖီဖာဥက္ကဋ္ဌ ပြော

အသက် စွန့်ရလောက်အောင် ဘယ်ပြိုင်ပွဲကမှ မထိုက်တန်ဘူးလို့ ဖီဖာဥက္ကဋ္ဌ ပြော
Photos: AFP & EPA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌဖြစ်သူ ဂီယာနီ အင်ဖန်တီနိုက "လူ့အသက် စွန့်ရလောက်အောင် ဘယ်ပြိုင်ပွဲကမှ မထိုက်တန်ဘူး"လို့ ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါြဖစ်ပွားနေစဉ်အတွင်း ဖီဖာအနေနဲ့ နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေကို ဘဏ္ဍာရေးအရ ကူညီနိုင်လိမ့်မယ်လို့ သောကြာနေ့က သူက ဆိုပါတယ်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ထိပ်တန်းဘောလုံးလိဂ်အများစုနဲ့ နိုင်ငံတကာပြိုင်ပွဲတွေကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

အင်ဖန်တီနိုက ဘေးအန္တရာယ်ကင်းရှင်းတဲ့တိုင်အောင် ပြိုင်ပွဲတွေ ပြန်လည်စတင်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ ပထမဆုံး ဦးစားပေး၊ ကျွန်တော်တို့ရဲ့ အခြေခံမူကို ကျွန်တော်တို့ရဲ့ ပြိုင်ပွဲတွေအတွက် အသုံးပြုမှာဖြစ်ပြီးတော့ ကျန်းမာရေးက ပထမဆုံးဆိုတာ လူတိုင်း လိုက်နာဖို့ တိုက်တွန်းမှာဖြစ်တယ်။ ဒါက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောစရာကို မလိုပါဘူး။ လူ့အသက် စွန့်ရလောက်အောင် ဘယ်ကစားပွဲ၊ ဘယ်ပြိုင်ပွဲ၊ ဘယ်လိဂ်ကမှ မထိုက်တန်ပါဘူး။"လို့ သူက ဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာ ပြောပါတယ်။

ဂျာမန်ဘွန်ဒစ်လီဂါဟာ မေလအတွင်း ကွင်းပိတ်ကစားနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပြီး တခြားလိဂ်တွေကတော့ နွေရာသီလောက်မှာ ပြန်လည်စတင်နိုင်တယ်လို့ ဆိုပါတယ်။

"အရာရာက ၁၀၀% လုံခြုံမှုမရှိသေးဘူးဆိုရင် ပြိုင်ပွဲတွေကို ပြန်လည်စတင်ဖို့ဆိုတာ တာဝန်မဲ့တာထက် ပိုပါတယ်။"

"ကျွန်တော်တို့ နည်းနည်းလေး စောင့်ဆိုင်းဖို့ ရှိတယ်ဆိုရင်လည်း ကျွန်တော်တို့ အဲဒီလို လုပ်ရမယ်။ ဘယ်စွန့်စားမှုမျိုးမဆို လုပ်ဖို့ထက် အနည်းငယ်ကြာကြာစောင့်နေတာက ပိုကောင်းပါတယ်။"

ဘဏ္ဍာရေးဆိုင်ရာ ရုန်းကန်နေရတဲ့ နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေဟာ ဖီဖာရဲ့ အရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေကနေ အကူအညီရရှိလိမ့်မယ်လို့ အင်ဖန်တီနိုက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ဖီဖာဟာ နိုင်ငံတကာပွဲစဉ်တွေအားလုံးကို ဇွန်လကို ရွှေ့ဆိုင်းခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီနေ့ဒီအချိန်မှာ အလွန်တောင့်တင်းတဲ့ ဘဏ္ဍာရေးအခြေအနေမှာ ရှိနေပါတယ်။"လို့ အင်ဖန်တီနိုက ပြောပါတယ်။

"ဒါပေမယ့် ကျွန်တော်တို့ရဲ့ အရန်ငွေတွေဟာ ဖီဖာရဲ့ ငွေကြေးမဟုတ်ပါဘူး။ ဒါဟာ ဘောလုံးအတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဘောလုံးမှာ လိုအပ်နေရင် ကူညီဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရမယ် ... အဲဒါက ကျွန်တော်တို့ရဲ့ တာဝန်ယူမှုနဲ့ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly