တင်းနစ်အကျော်အမော် အန်ဒီမာရေးတို့ ဇနီးမောင်နှံရဲ့ အချက်တစ်ရာ စိန်ခေါ်မှု

တင်းနစ်အကျော်အမော် အန်ဒီမာရေးတို့ ဇနီးမောင်နှံရဲ့ အချက်တစ်ရာ စိန်ခေါ်မှု

ဘောလုံးသမားတွေချည်း နေအိမ်ထဲကနေ စိန်ခေါ်မှုတွေ လုပ်နေကြတာ မဟုတ်ပါဘူး။ အားလုံးပျင်းနေကြတဲ့ လူတွေချည်းပဲမို့ အားကစားသမား အကျော်အမော်တွေဟာ သူတို့ရဲ့ နေအိမ်တွေကနေ ပရိသတ်တွေနဲ့ ကစားဖော်တွေ လိုက်လုပ်နိုင်မယ်ထင်တဲ့ စိန်ခေါ်မှုတွေကို ပြုလုပ်ရင်း ကြိုးစားနေကြပါတယ်။

အခုလည်း ဗြိတိန်ရဲ့ တင်းနစ်အကျော်အမော် အန်ဒီမာရေးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်မှာ နေရစဉ်အတွင်း အချက်တစ်ရာ စိန်ခေါ်မှု ဆိုပြီး ဖန်တီးလိုက်ပြန်ပါပြီ။

နေအိမ်ခြံဝန်းထဲမှာ တင်းနစ်ရိုက်တံကိုယ်စီနဲ့ အချက်တစ်ရာပြည့်အောင် ရိုက်နေကြတဲ့ မာရေးနဲ့ ဇနီးသည် ကင်တို့ကို တွေ့ရမှာဖြစ်ပြီး ဒီစိန်ခေါ်မှုကိုတော့ “100 volley challenge” လို့ အမည်ပေးထားပါတယ်။

မာရေးက အားလုံး နေအိမ်ထဲမှာပဲ နေကြရလို့ ပျင်းရိနေကြမှာဖြစ်ပေမယ့် သူ့ရဲ့စိန်ခေါ်မှုကို လိုက်ပါကစားကြဖို့ ဖိတ်ခေါ်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ရန်ကနေ ကာကွယ်ဖို့ နေအိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားခဲ့တာပါ။

မာရေးက ဒီစိန်ခေါ်မှုကို တင်းနစ်အကျော်အမော်တွေဖြစ်ကြတဲ့ ဖက်ဒါရာ၊ နာဒဲလ်၊ ဝီလီယံညီအစ်မ ၊ ဝေါ့ဇနီယာကီ၊ ဂျိုကိုဗစ် စသူတွေကို စိန်ခေါ်သွားခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ဗီဒီယိုဖိုင်တွေကို မြင်ရဖို့ မျှော်လင့်ကြောင်းလည်း တိုက်တွန်းသွားခဲ့ပါတယ်။

မာရေးတို့နေထိုင်တဲ့ ဗြိတိန်နိုင်ငံတစ်ဝှမ်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၅,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၇,၉၇၈ ယောက် ရှိနေပြီမို့ တာဝန်ရှိသူတွေက စည်းကမ်းတင်းကျပ်မှုတွေ ပိုမိုလုပ်ကိုင်နေကြပါပြီ။ ဒါ့အပြင် ရောဂါကူးစက်ခံရသူတွေထဲက ပျောက်ကင်းလာသူလည်း မရှိသေးတဲ့အခြေအနေမို့ ဗြိတိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒဏ်ကို တခြားနိုင်ငံတွေထက်ပိုပြီး ခံနေရဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly