ကိုရိုနာဗိုင်းရပ်စ်က ကြောင်များကိုလည်း ကူးစက်နိုင်သည်ဟု လေ့လာချက်တစ်ခုတွင် တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်က ကြောင်များကိုလည်း ကူးစက်နိုင်သည်ဟု လေ့လာချက်တစ်ခုတွင် တွေ့ရှိ

ဧပြီ ၁၀

ကြောင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည်ကို လေ့လာတွေ့ရှိရသော်လည်း ခွေးများကမူ  အဆိုပါ ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းအား ရှိမည့်ပုံပေါ်ကြောင်း ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည့် လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် လူများနှင့် အိမ်မွေးတိရစ္ဆာန်များအကြား ဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သက်၍ ပိုမိုအသေးစိတ်ကျစွာဖြင့် လေ့လာကြည့်ရှုသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောကြားလိုက်သည်။

သိပ္ပံဂျာနယ် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည့် လေ့လာချက်တစ်ခုအရ မြွေပါကတိုးဖြူများသည်လည်း COVID-19 ရောဂါကိုဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

သို့သော် ခွေးများ၊ ကြက်များ၊ ဝက်များနှင့် ဘဲများကမူ အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံနိုင်ရဖွယ် မရှိကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

မည်သည့် တိရစ္ဆာန်များက ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း မရှိသည်ကို ဖော်ထုတ်သိရှိနိုင်ရန် ယခုလေ့လာချက်ကို ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှသာ သုတေသီများအနေဖြင့် COVID-19 ရောဂါကို တိုက်ဖျက်နိုင်မည့် စမ်းသပ်ကာကွယ်ဆေးများ စမ်းသပ်ရာတွင် တွေ့ရှိချက်များကို အသုံးချနိုင်မည်ဖြစ်သည်။

SARS-CoV-2 သည် လင်းနို့များကနေ လူသားများထံ ကူးစက်ခဲ့သည်ဟု ယုံကြည်ရသည်။ ကြောင်များနှင့် ခွေးများတွင် ကူးစက်မှုဖြစ်စဉ် အနည်းငယ်ရှိခဲ့သော်လည်း ယင်းအိမ်မွေးတိရစ္ဆာန်များသည် ဗိုင်းရပ်စ် သယ်ဆောင်သူများ ဖြစ်နိုင်သည် ဆိုသည့် ခိုင်မာသော အထောက်အထားများ မရှိခဲ့ပေ။

နယူးယော့ခ်မြို့ ဘရွန့်ဇ်တိရစ္ဆာန်ရုံမှ ကျားတစ်ကောင်သည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးနှင့် ထိတွေ့မိပြီးနောက် ချောင်းခြောက်ဆိုးပြီး အစားအသောက်ပျက်နေသည်ကို တွေ့ရှိရသည့်အတွက် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ပြီးခဲ့သည့် ဧပြီ ၅ ရက်က ယင်းကျားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးသိရှိခဲ့သည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလက တရုတ်တွင်လုပ်ဆောင်ထားခဲ့သည့် သုတေသနတစ်ခုအပေါ် အခြေပြု လုပ်ဆောင်သည့် ယခုလေ့လာချက်အရ ကြောင်များနှင့် မြွေပါကတိုးဖြူကောင်များသည် ဗိုင်းရပ်စ်ကို ခံနိုင်ရည်စွမ်းအား အတော်လေး မရှိသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။ သုတေသီများသည် ဗိုင်းရပ်စ်အမှုန်များကို နှာခေါင်းကနေတဆင့် ထည့်ပေးပြီး တိရစ္ဆာန်များကို ကူးစက်စေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကြောင်များသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ အရည်အစက်များကနေတဆင့် တစ်ကောင်နှင့် တစ်ကောင် ဗိုင်းရပ်စ်ကူးစက်နိုင်သည်ကိုလည်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်ဟု သိရသည်။ ကူးစက်ခံ ကြောင်များ၏ ပါးစပ်၊ နှာခေါင်းနှင့် အူသိမ်ထဲတွင် ဗိုင်းရပ်စ် ရှိနေခဲ့သည်ကို လေ့လာတွေ့ရှိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly