ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေမှုကြောင့် ကာကွယ်ရေးအသုံးစရိတ် လျှော့ချရန် ထိုင်းစစ်တပ် ဆုံးဖြတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေမှုကြောင့် ကာကွယ်ရေးအသုံးစရိတ် လျှော့ချရန် ထိုင်းစစ်တပ် ဆုံးဖြတ်

ဧပြီ ၁၀

ထိုင်းနိုင်ငံတွင် စစ်တပ်က ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ် ဘတ်ဂျက်များကို လျှော့ချရန် သဘောတူလိုက်ပြီဖြစ်ကာ တချိန်တည်းမှာပင် အစိုးရကလည်း ရန်ပုံငွေကြေးများကို COVID -19 ကိုင်တွယ်တိုက်ဖျက်ရေးဘက် တွင် အာရုံစိုက်အသုံးပြုသွားတော့မည် ဖြစ်သည်။

စစ်လက်နက် ဝယ်ယူခြင်းအတွက် လျာထားငွေများအပါအဝင် ကာကွယ်ရေး ဘတ်ဂျက်များ လျှော့ချရေး တောင်းဆိုမှုများကို ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် တုန့်ပြန်အဖြေပေးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် ဘဏ္ဍာငွေကြေးဆိုင်ရာ အားထုတ်မှုများကို ယခု ကာကွယ်ရေးဘတ်ဂျက် လျှော့ချမှုကနေ ပေါ်ထွက်လာမည့် ငွေကြေးများဖြင့် ထောက်ကူဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

ထိုင်း ရေတပ်အနေဖြင့်လည်း ယင်းတို့အတွက် ခွဲဝေရထားသည့် ဘတ်ဂျက်တချို့ကို နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ပြန်လည် လွှဲအပ်ပေးရန် အသင့်ရှိနေကြောင်း ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Ruechai Ruddit က ဧပြီ ၉ ရက်တွင် ပြောသည်။

ငွေကြေးများကို ပရောဂျက်အချို့ကနေ ဖယ်ထုတ်ရယူသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် လက်တလော အရေးမကြီးသည့် အခြားအစီအစဉ်များကိုလည်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ထို့ပြင် လေ့ကျင့်သင်ကြားရေးနှင့် ပြည်ပ လေ့လာရေးခရီးစဉ်များအတွက် သုံးစွဲမည့် ငွေကြေးများကိုလည်း ပယ်ဖျက်သွားမည်ဟု Ruechai က ပြောသည်။

သို့သော် ထိုင်းရေတပ်အနေဖြင့် စုစုပေါင်း ဘတ်ငွေ ၂၂ ဘီလီယံတန်ဖိုးရှိ ရေငုပ်သင်္ဘောနှစ်စင်း ဝယ်ယူရေး ပရောဂျက်ကိုမူ ရပ်ဆိုင်းထားနိုင်မည် မဟုတ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် လေတပ် ဦးစီးချုပ် Maanat Wongwat ကလည်း ၎င်းတို့ လေတပ်အနေဖြင့် မည်သည့်နေရာကဏ္ဍများတွင် ငွေကြေးဖြတ်တောက်လျှော့ချမှုများ လုပ်နိုင်မည်လဲ ဆိုသည်ကို စုံစမ်းစစ်ဆေးနေသည်ဟု ပြောသွားသည်။

Alpha ဂျက်လေယာဉ်များ အဆင့်မြှင့်မွမ်းမံခြင်း ပရိုဂရမ်တစ်ခုကို ရွှေ့ဆိုင်းထားနိုင်သည်ဟု မျှော်လင့်ရသည်။ ပြည်ပခရီးစဉ်များနှင့် နှီးနှောဖလှယ်ပွဲများကို လျှော့ချမည်ဖြစ်ကာ ထွက်လာမည့်ငွေကြေးများကို အစိုးရထံ လွှဲအပ်သွားမည် ဖြစ်သည်။

အလားတူ စစ်တပ် အကြီးအကဲ Apirat Kongsompong ကလည်း မည်သည့် လက်နက်ပစ္စည်း ဝယ်ယူမှု ပရောဂျက်များကို လျှော့ချဖြတ်တောက်နိုင်သလဲ ဆိုသည်ကို ၎င်းအနေဖြင့် လေ့လာနေကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly