COVID-19 အကျပ်အတည်းကြောင့် စစ်ဘက်ဆိုင်ရာပစ္စည်း ဝယ်ယူမှု ဆိုင်းငံ့မည်ဟု ထိုင်းစစ်တပ်ပြော

COVID-19 အကျပ်အတည်းကြောင့် စစ်ဘက်ဆိုင်ရာပစ္စည်း ဝယ်ယူမှု ဆိုင်းငံ့မည်ဟု ထိုင်းစစ်တပ်ပြော

ဧပြီ ၉

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားမှု နောက်ပိုင်းတွင် နိုင်ငံလုံးဆိုင်ရာ ပြန်လည်ထူထောင်ရေး အားထုတ်မှုများကို ဦးစားပေးလုပ်ဆောင်ရန် အလို့ငှာ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူမှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနောက်ပိုင်း ပြန်လည် ကုစားမှုများ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သဖြင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ပရောဂျက်များအတွက် ၂၀၂၀ ဘတ်ဂျက်အသုံးစရိတ် လျှော့ချဖြတ်တောက်ရန်ကိုလည်း စဉ်းစားလျက် ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kongcheep Tantravanich က ပြောသွားသည်။

ရှေ့လာမည့် အနာဂတ်အခြေအနေများအတွက် မည်သည်ကို ဦးစားပေးရမည်ကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကောင်းကောင်း သိရှိထားသည်ဟု သိရသည်။ ထိုင်းစစ်တပ်၏ မစ်ရှင်မှာ ပြည်သူများကို ကာကွယ်ပေးပြီး ကူညီပေးရန် နှင့် နိုင်ငံလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် အစိုးရကို ကူညီပံ့ပိုးရမည်ဖြစ်သလို တစ်ဘက်တွင်လည်း နိုင်ငံကို ကာကွယ်ရန် စစ်သည်အင်အားနှင့် စစ်လက်နက်ပစ္စည်း တောင့်တင်းရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

“ နိုင်ငံခြား သဘောတူစာချုပ်တွေကို ထိခိုက်မှု မရှိစေဘဲ နှောင့်နှေးထားလို့ရမယ့် စစ်ဘက်ပစ္စည်း ဝယ်ယူမှု ပရောဂျက်တွေကို နောက်ဆုတ်ရွှေ့ဆိုင်းရပါလိမ့်မယ်၊ ၂၀၂၀ ဘတ်ဂျက်အောက်မှာ ဘယ်ပရောဂျက်တွေကို မဖြစ်မနေ ဖော်ဆောင်ရမလဲ ဆိုတာကို စစ်တပ်အနေနဲ့ စဉ်းစားနေပါတယ်၊ နောက်ပြီး ၂၀၂၁ ဘတ်ဂျက်အောက်မှာ ပါမယ့် ပရောဂျက်တွေကိုလည်း ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု Kongcheep က ပြောသွားသည်။

၂၀၂၀ ဘတ်ဂျက် ငွေကြေးများသည် သုံးစွဲထားပြီးဖြစ်ကာ ဘတ်ဂျက်အောက်ရှိ စစ်ဘက်ဆိုင်ရာ စာချုပ်များတွင်လည်း စည်းနှောင်မှု ရှိသည့် စာချုပ်များ ရှိချင် ရှိနေနိုင်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly