ဧပြီလကုန်ထိ လျှပ်စစ်သုံးစွဲမှု ယူနစ် ၁၅၀ အထိ အခမဲ့ ကင်းလွတ်ခွင့်ပေးမည့် အပေါ် ငွေကြေးကောက်ခံမည့် အစီအစဉ်နဲ့ ပက်သက်၍ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ ထုတ်ပြန်ကြေညာ

ဧပြီလကုန်ထိ လျှပ်စစ်သုံးစွဲမှု ယူနစ် ၁၅၀ အထိ အခမဲ့ ကင်းလွတ်ခွင့်ပေးမည့် အပေါ် ငွေကြေးကောက်ခံမည့် အစီအစဉ်နဲ့ ပက်သက်၍ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ ထုတ်ပြန်ကြေညာ

ဧပြီ ၈၊ ၂၀၂၀

COVID -19 ကာကွယ်ထိန်းချုပ်ရေး နှင့် စပ်လျဉ်းပြီး ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ နှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ ( သံရုံးများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ် အထိ ကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) အဖြစ် ဧပြီလကုန်ထိ ပေးသွားမည်ဖြစ်ကြောင်း COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ မှ ၂၀၂၀ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ် အထိ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) အား ဧပြီလကုန် အထိ ပေးသွားမည့် အစီအစဉ် နဲ့ ပက်သက်၍ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ တွင် အသိပေးချက် ဆက်လက်ထုတ်ပြန်ခဲ့သည်။

အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင် နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း(အိမ်သုံး)၊ စီးပွားရေးလုပ်ငန်းပါဝင်သော ဘာသာ/သာသနာ အဆောက်အအုံ စသည့် အမျိုးအစားများ ပါဝင်ပြီး ဓာတ်အားခနှုန်းထားများ အနေဖြင့် ယူနစ်အလွှာ နှင့် နှုန်းထားများအား ၁ ယူနစ် မှ ၃၀ ယူနစ် အထိ ၃၅ ကျပ်၊ ၃၁ ယူနစ် မှ ယူနစ် ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ် မှ ၇၅ ယူနစ် အထိ ၇၀ ကျပ်၊ ၇၆ ယူနစ် မှ ၁၀၀ ယူနစ် အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ် မှ ၁၅၀ ယူနစ် အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ် မှ ၂၀၀ ယူနစ် အထိ ၁၂၀ ကျပ် နှင့် ၂၀၁ ယူနစ် နဲ့ အထက်အား ၁၂၅ ကျပ် ကောက်ခံလျက်ရှိသည်။ အဆိုပါ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ် အထိ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် (အခမဲ့) အစီအစဉ်သည် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုအပေါ် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁ ယူနစ် မှ ၁၅၀ ယူနစ် အထိ သုံးစွဲသူသူများအနေဖြင့် သုံးစွဲမှုယူနစ်အလိုက် ဓာတ်အားခကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခအပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်သည်။ ယူနစ် ၁၅၀ နှင့် အထက် သုံးစွဲသူများ အနေဖြင့် ယူနစ် ၁၅၀ အတွက် ဓာတ်အားခကျသင့်ငွေ ၁၁၅၀၀ ကျပ် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်လည်း ဖြစ်သည်။

အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်နေသည့် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် ကင်းလွတ်ခွင့် (အခမဲ့) အစီအစဉ်တွင် ပါဝင်မှုရှိမည်မဟုတ်ဘဲ ယခင်သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရမည် ဖြစ်သည်။ သို့ပေမယ့် အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စု မှ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ အနေဖြင့်မူ အထူးကိစ္စရပ်အနေဖြင့် လျှပ်စစ်သုံးစွဲမှု ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့် (အခမဲ့) ပြုမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ မီတာဖတ်စာရေးများအနေဖြင့် လစဉ်ဖတ်ရှုရမည့်ရက်များအတိုင်း ဖတ်ရှုမှတ်သား၍ ဖြန့်ဝေရမည့် မီတာဘေလ်များကို ပုံမှန်အတိုင်း ဖြန့်ဝေပေးသွားမည် ဖြစ်ကာ မီတာဘေလ်များတွင် သုံးစွဲသည့် ယူနစ်များအလိုက် ကင်းလွတ်ခွင့် (အခမဲ့) ခံစားခွင့်ပြုမည့် ငွေပမာဏကို နှုတ်ပယ်ပေးသွားမည်ဖြစ်ပြီး မီတာဘေလ်များအား သုံးစွဲသူများမှ သိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပြီး နိုင်ငံတွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အမြင့်ဆုံးပမာဏ မဂ္ဂါဝပ် ၃၇၀၀ ခန့်ရှိကာ အထူးသဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုအများဆုံးဖြစ်သည့်  ရန်ကုန်တိုင်းအတွင်း အိမ်သုံးလျှပ်စစ်မီး အမျိုးအစားအနေဖြင့်  အိမ်ထောင်စုတစ်စုကို ပျှမ်းမျှ တစ်လသုံးစွဲမှုယူနစ် ၁၅၀ နှင့် ၂၀၀ ကြား ရှိပြီး လျှပ်စစ်မီးသုံးစွဲသူဦးရေ ၁၂သိန်း ၉သောင်းကျော် ရှိနေကာ တစ်လလျှင်သုံးစွဲမှု ယူနစ် ၂၅၂.၅သန်း ရှိပြီး အိမ်သုံးမဟုတ်သည့် အမျိုးအစား အနေဖြင့် လျှပ်စစ်မီးသုံးစွဲသူဦးရေ ၁ သိန်း ၃ သောင်းကျော် ရှိကာ တစ်လလျှင်သုံးစွဲမှုယူနစ် ၃၈၉.၆သန်း ရှိနေသည် ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly