ဧပြီ ၈
COVID-19 အတည်ပြုလူနာ ပေါက်ခေါင်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးနော်ထွယ် ကွယ်လွန်သွားပြီ ဖြစ်သည့်အတွက် သားသမီးနှစ်ဦးနှင့် တူမဖြစ်သူတို့ကို မိခင်ဖြစ်သူဆေးကုသနေသည့် ဝေဘာဂီဆေးရုံတွင် ပြောင်ရွှေ့ ကုသရန်စီစဉ်နေကြောင်း သိရသည်။
ပြည်ဆေးရုံတွင် တက်ရောက်ကုသနေသည့် COVID-19 လူနာနံပါတ် ၁၅ သူနာပြုဆရာမ၏ သားသမီးနှင့် တူမဖြစ်သူတို့ကို ဝေဘာဂီဆေးရုံသို့ ပြောင်းရွေ့ရန် စီစဉ်နေကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဒေါက်တာခင်ခင်ကြီးက သူအသုံးပြုနေသည့် လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
ဒေါက်တာခင်ခင်ကြီးက"ပြည်ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေသော ဓာတ်ခွဲအတည်ပြုလူနာ ၁၈, ၁၉ နှင့် ၂၀ ဖြစ်သူကို ပြည်ဆေးရုံမှ မိခင်ဖြစ်သူ လူနာအမှတ်စဉ် ၁၅ ဆေးရုံတက်ရောက်နေတဲ့ ဝေဘာဂီအထူးကုဆေး ရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်" ဟုရေးသားထားသည်။
လက်ရှိတွင် ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးရှိပြီး လူနာအမှတ်စဉ် ၅, ၁၆ နှင့် ၁၇ တို့ ကွယ်လွန်သွားပြီဖြစ်သည်။ကျန်လူနာ ၁၉ ဦး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းလည်း ဒေါက်တာခင်ခင်ကြီး ကရေးသားထားသည်။
ဧပြီလ ၈ရက် နေ့လည်၂နာရီအထိ အထူးကြပ်မတ်ကုသမှု ခံယူနေရသော လူနာ မရှိကြောင်းသိရသည်။
COVID-19 လူနာအမှတ် ၁၅ ဖြစ်သော ရန်ကုန်မြို့ International SOS Clinic တွင် အလုပ်လုပ်နေသော သူနာပြုဆရာမမှ တဆင့် ကူးစက်မှုဖြစ်ပွား၍ လူနာအမှတ် ၁၇ နှင့်တကွ မိသားစုဝင်များဖြစ်ကြသော အသက် ရှစ်နှစ်အရွယ် သမီး၊ အသက် ၁၀ နှစ်အရွယ်သားနှင့် အသက် ၁၈ နှစ်အရွယ် တူမတို့ကို ကူးစက်ခဲ့သည်။
လူနာအပြောင်းအရွှေ့ကိစ္စအားအသေးစိတ်သိရှိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာသာထွန်းကျော်အားဆက်သွယ်သော် လည်းဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။