စပိန်တွင် နှာခေါင်းစည်း ၂ သန်း ခိုးယူမှု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဖမ်းဆီး

စပိန်တွင် နှာခေါင်းစည်း ၂ သန်း ခိုးယူမှု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဖမ်းဆီး

ဧၿပြီ ၇

စပိန်နိုင်ငံမှာ နှာခေါင်းစည်း (mask) အခုရေပေါင်း နှစ်သန်းကို ခိုးယူထားခဲ့တယ်ဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကိုအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံမြောက်ပိုင်းက ဂယ်လီစီယာဒေသမှာ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်အမျိုးသားတစ်ဦးကို နှာခေါင်းစည်းတွေ ခိုးယူထားမှုအတွက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။  ၎င်းဟာ အဆိုပါ ခိုးယူထားတဲ့ နှာခေါင်းစည်းတွေကို ပေါ်တူဂီနိုင်ငံက ကုမ္ပဏီတစ်ခုထံ ရောင်းချဖို့ လုပ်ထားပြီး ဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ဧပြီ ၆ ရက်မှာ ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါ ခိုးယူမှုဟာ ဂယ်လီစီယာဒေသ ဆန်တီယာဂို ဒီ ကွန်ပိုစတယ်လာမြို့မှာ ရှိတဲ့ ဒေဝါလီခံထားတဲ့ ကုမ္ပဏီတစ်ခုပိုင် ကုန်သိုလှောင်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကုန်သိုလှောင်ရုံထဲမှာတော့ နှာခေါင်းစည်း နှစ်သန်းအပြင် အခြား ဆေးကုသမှုဆိုင်ရာ အထောက်အကူပစ္စည်းတွေကိုလည်း တွေ့ရှိရပြီး ယင်းပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးဟာ ယူရို ၅ သန်းခန့်ရှိကြောင်း ဂယ်လီစီယာ ဒေသအစိုးရက ပြောပါတယ်။

ယခုအခါမှာ ယင်းကိစ္စနဲ့ပတ်သက်လို့ ဂယ်လီစီယာမြို့မှာ နေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကိုဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးမှုတွေ လုပ်နေတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ နိုင်ငံအများအပြားမှာ ပျံ့နှံ့လာခဲ့ပြီး ယင်းဟာ အများပြည်သူဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာတဲ့အချိန်မှာ ခုလို နှာခေါင်းစည်းတွေ ခိုးယူခံရမှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာ ဖြစ်ကြောင်း စပိန်အာဏာပိုင်တွေက ပြောပါတယ်။

ယခုအခါ ဖမ်းမိထားတဲ့ အမည် မဖော်ပြတဲ့ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်အမျိုးသားကို အရေးယူဖို့ လုပ်ဆောင်နေသလို ခုဖြစ်စဉ်မှာ တခြား ပါဝင်ပတ်သက်သူတွေနဲ့ ပေါ်တူဂီနိုင်ငံဘက်မှာ ဒီပစ္စည်းတွေ လက်ခံထားသူတွေကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။

စပိန်နိုင်ငံကတော့ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်မှာ ဒုတိယမြောက် လူသေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လူပေါင်း ၁၃,၀၀၀ ကျော် သေဆုံးထားခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly