ချယ်လ်ဆီးပရိသတ်များ၏ ထောက်ခံမှုမရရှိလျှင် မော်ရင်ဟို ထုတ်ပယ်ခံရမည်

ချယ်လ်ဆီးပရိသတ်များ၏ ထောက်ခံမှုမရရှိလျှင် မော်ရင်ဟို ထုတ်ပယ်ခံရမည်

လန်ဒန်၊ နိုဝင်ဘာ ၃ ။           ။ ချယ်လ်ဆီးပရိသတ်များ၏ ထောက်ခံမှု မရရှိတော့လျှင် နည်းပြမော်ရင်ဟိုမှာ ရာထူးမှ ထုတ်ပယ်ခံရလိမ့်မည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်နှင့် နီးစပ်သောသတင်းရင်းမြစ်တစ်ခုမှ ထုတ်ဖော်ပြောကြားခဲ့သည်။

မော်ရင်ဟိုမှာ ယခုအချိန်အထိ ချယ်လ်ဆီးပရိသတ်များ၏ထောက်ခံမှုကို ရရှိနေဆဲ ဖြစ်သောကြောင့် ပိုင်ရှင်မိုဗစ်ချ်အနေဖြင့် ၎င်းကိုရာထူးမှ ထုတ်ပယ်ရန်မသေချာသေးကြောင်းနှင့် ပရိသတ်များ၏ အခြေအနေပြောင်းလဲသွားပါက မော်ရင်ဟိုမှာ ရာထူးမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ကြောင်း ထိုသတင်းအရင်းအမြစ်က ဆိုသည်။

'ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် မော်ရင်ဟို ဘယ်လောက်ကြာကြာဆက်ရှိနေမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ ချယ်လ်ဆီးပရိသတ်တွေကသာ သူ့ကိုလက်မခံတော့ဘူးဆိုရင် သူ့ကိုရာထူးက ထုတ်ပယ်လိုက်ဖို့ အရမ်းလွယ်သွားပါလိ့မ်မယ်' ဟု အမည်မဖော်လိုသည့် မိုဗစ်ချ်နှင့်နီးစပ်သူက ဆိုသည်။

ချယ်လ်ဆီးအသင်းသည် ယခုနှစ်ရာသီတွင် ရလဒ်များအလွန်ဆိုးရွားလျက်ရှိနေပြီး လီဗာပူးလ်အသင်းအားရှုံးနိမ့်ပြီးနောက်တွင် ပရီးမီးယားလိဂ် ၁၁ ပွဲ၌ ရှုံးပွဲမှာ ခြောက်ပွဲအထိရှိလာပြီ ဖြစ်သည်။ အမှတ်ပေးဇယားတွင်လည်း အဆင့် ၁၅ နေရာသို့ ရောက်ရှိလျက်ရှိသည်။

ထို့အပြင်မော်ရင်ဟိုသည် ပြီးခဲ့သည့်လက ဝက်စ်ဟမ်းအားရှုံးနိမ့်ခဲ့သည့်ပွဲမှ အပြုအမူကြောင့် ဒဏ်ငွေပေါင် ၄၀,၀၀၀ နှင့် တစ်ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။

ရည်ညွှန်း အိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly