BTV Cup ပြိုင်ပွဲ တွင် ဘင်ဒေါင်း၊ BVN ၊ ကိုရီးယားတက္ကသိုလ်အသင်းတို့နှင့် ရတနာပုံ တစ်အုပ်စုတည်း ကျရောက်

BTV Cup ပြိုင်ပွဲ တွင် ဘင်ဒေါင်း၊ BVN ၊ ကိုရီးယားတက္ကသိုလ်အသင်းတို့နှင့် ရတနာပုံ တစ်အုပ်စုတည်း ကျရောက်
BTV Cup သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဗီယက်နမ်ဖိတ်ခေါ်ဖလား BTV Cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ရတနာပုံအသင်းသည် ဗီယက်နမ်ကလပ် ဘင်ခမ်းဘင်ဒေါင်းအသင်း၊ BVN အသင်း၊ ကိုရီးယားတက္ကသိုလ် လက်ရွေးစင်အသင်းတို့နှင့် အုပ်စု (က) တွင် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။

BTV Cup ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ သူဒါမို့မြို့ရှိ ပရိသတ် တစ်သောင်းရှစ်ထောင်ကျော်ဆန့် ဂိုဒူးဘောလုံးကွင်းတွင် နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စု (ခ) တွင် ဗီယက်နမ်ကလပ် ကွမ်နန်းကိုးအသင်း၊ ဒေါင်နန်းလိုအန်အသင်း၊ ဘရာဇီးကလပ် ဘန်ဂူးအက်သလက်တီကို အသင်းနှင့် ဂျပန်ကျောင်းသားအသင်းတို့ ပါဝင်လျက်ရှိသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် တွင်အဆင့် ၂ ဖြင့် ရာသီသိမ်းခဲ့သော  ရတနာပုံအသင်းနှင့် တစ်အုပ်စုတည်းကျရောက်သည့် ဘင်ခမ်းဘင်ဒေါင်းအသင်းမှာဗီယက်နမ်လက်ရွေးစင်ကစားသမားအများစုနှင့် စုဖွဲ့ထားပြီး ၂၀၁၅ ဗီယက်နမ်လိဂ်ပြိုင်ပွဲ၏ ချန်ပီယံအသင်းဖြစ်သည်။

အခြားအသင်းအဖြစ်သည့် ကိုရီးယားတက္ကသိုလ်လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ BTV Cup ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းတစ်သင်းဖြစ်ပြီး BVN အသင်းမှာမူ ၂၀၁၅ ဗီယက်နမ် လိဂ်ပြိုင်ပွဲ၏ အဆင့် (၅) နေရာတွင်ရပ်တည်နိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်သည်။

ရတနာပုံအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာမည့် နိုဝင်ဘာ ၆ ရက်တွင် ဘင်ခမ်းဘင်ဒေါင်းအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်တွင် ကိုရီးယားတက္ကသိုလ် လက်ရွေးစင်အသင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် BVN အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly