ဧပြီ ၆
ဈေးပေါသောစီးကရက်ဝယ်ယူရန် ပြင်သစ်မှ စပိန်သို့ လမ်းလျှောက်သွားရန်ကြိုးစားသော အမျိုးသားတစ်ဦးအား Pyrenees တောင်ကြား၌ ကယ်တင်ခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးစည်းမျဉ်းများကို ချိုးဖောက်မှု အတွက် ဒဏ်ငွေရိုက်ခဲ့သည်။
ထိုသူသည် အစောပိုင်းတွင် ပြင်သစ်တောင်ပိုင်း Perpignan မြို့မှ စပိန်နိုင်ငံ La Jonquera မြို့သို့ ကားမောင်းထွက်ခဲ့ပြီး စစ်ဆေးရေးဂိတ်၌ တားဆီးခံခဲ့ရသောကြောင့် တောင်တန်းများကိုဖြတ်ပြီး ခြေလျင်လျှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုအမျိုးသားသည် စမ်းချောင်းထဲကျ ဆူးချုံတောများထဲရောက်ကာ လမ်းပျောက်ခဲ့ပြီး အဆက်အသွယ်မရတော့သဖြင့် ပြင်သစ်အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်ဆယ်ပြီးနောက် အစိုးရ ၏ အိမ်အပြင်မထွက်ရဆိုသည့် ကန့်သတ်မိန့်ကို ဖောက်ဖျက်သည့်အတွက် ဒဏ်ငွေ ၁၃၅ ယူရို (အမေရိကန်ဒေါ်လာ ၁၄၆) ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
“ထပ်မံသတိပေးပါတယ် အိမ်မှာနေကြပါ” ဟု ပြင်သစ်ရဲတပ်ဖွဲ့က တွစ်တာ၌ နှိုးဆော်ရေးသားခဲ့သည်။
ပြင်သစ်တောင်ပိုင်းမှ လူအများသည် စပိန်နိုင်ငံရှိ ဈေးပေါသော စီးကရက်၊ အရက်၊ အစားအသောက်နှင့် လောင်စာဆီများဝယ်ယူရန် နယ်စပ်ဖြတ်ကျော်လေ့ရှိကြသည်။