Lockdown ကို ချိုးဖောက်သူများအား ပစ်သတ်ခိုင်းမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး သတိပေး

Lockdown ကို ချိုးဖောက်သူများအား ပစ်သတ်ခိုင်းမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး သတိပေး

ဧပြီ ၁

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ရပ်တန့်ရေးအတွက် လူဇွန်ကျွန်းတွင် ပြဋ္ဌာန်းထားသော လချီကြာမြင့်သည့် lockdown ကာလအတွင်း ပြဿနာဖန်တီးသူ မည်သူကိုမဆို ရဲနှင့် စစ်တပ်က ပစ်သတ်ပစ် ရန် အမိန့်ထုတ်ရလိမ့်မည်ဟု သမ္မတ ရိုဒရီဂိုဒူတာတေးက သတိပေးသည်။

“ဒါဟာ အားလုံးကို သတိပေးတာပဲ။ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ အမိန့်ဟာ တကယ့်ကို သေရေးရှင်ရေး အရေးကြီးတာကြောင့် ခုချိန်မှာ အစိုးရစကားကို နားထောင်ကြရမယ်။”ဟု ဧပြီ ၁ ရက် ညပိုင်းက ရုပ်မြင်သံကြား မှတစ်ဆင့် နိုင်ငံတော်မိန့်ခွန်း ပြောကြားရာ၌ ဒူတာတေးက ပြောခဲ့သည်။

“ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေကို ထိခိုက်အောင် မလုပ်ကြနဲ့။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ကြီးလေးတဲ့ ရာဇဝတ်မှုပဲ။ တကယ်လို့ တစ်ယောက်ယောက်က ပြဿနာရှာတယ်ဆိုရင်  အဲဒီ ပြဿနာရှာတဲ့ သူတွေရဲ့ အသက်က အန္တရာယ် ကျရောက်လာမှာပဲ။ ကျွန်တော်အနေနဲ့ ရဲနဲ့ စစ်တပ်ကို အမိန့်ပေးမယ်၊ ဒီလို လူတွေကို ပစ်သတ်ပစ်လို့။”ဆိုပြီး ဒူတာတေးက ပြောသည်။

မနီလာ၊ ကွီဇွန်မြို့ ဆင်းရဲသားရပ်ကွက်က ဒေသခံများသည် လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကျော်က lockdown စချချိန်ကစပြီး ၎င်းတို့သည် မည်သည့် စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် အခြားသော အကူအညီပေးရေး ပစ္စည်းများ ရရှိခြင်း မရှိဟုဆိုကာ ၎င်းတို့၏ တဲအိမ်များအနီးက အမြန်လမ်းမကြီးတစ်လျှောက် ဆန္ဒပြကြပြီးနောက် ဒူတာတေး၏ ယခု သတိပေးချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဆန္ဒပြသူများကို ကျေးရွာလုံခြုံရေး တာဝန်ရှိသူများနှင့် ရဲများက အိမ်သို့ ပြန်ကြရန် တိုက်တွန်းသော်လည်း ၎င်းတို့က ငြင်းဆန်ကြကြောင်း ရဲအစီရင်ခံစာတစ်ရပ်က ဆိုသည်။

ရဲက ဆန္ဒပြမှုကို ဖြိုခွင်းပြီး လူ ၂၀ ကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ ဖိလစ်ပိုင်နိုင်ငံအတွင်း ၂၃၁၁  ဦး ရှိသည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောသည်။ COVID-19 ကြောင့် နိုင်ငံအတွင်း သေဆုံးသူပေါင်း ၉၆  ဦး ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly