ခွေးကို ကားမောင်းသင်ပေးသည့် အမေရိကန်အမျိုးသား မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် အဖမ်းခံရ

ခွေးကို ကားမောင်းသင်ပေးသည့် အမေရိကန်အမျိုးသား မြန်နှုန်းမြင့် မောင်းနှင်မှုကြောင့် အဖမ်းခံရ

အမေရိကန်နိုင်ငံ ၀ါရှင်တန်ပြည်နယ်တွင် ကားတစ်စီး သတ်မှတ်မိုင်နှုန်းထက် ပိုကာ အရှိန်တင် မောင်းနှင်မှုကြောင့် ရဲက လိုက်ဖမ်းခဲ့စဉ် အဆိုပါ ကားပေါ်တွင် အမျိုးသားတစ်ဦးက ၎င်း၏ ခွေးကို ကားမောင်းသင်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်နှုန်းမြင့် မောင်းနှင်နေသည့် ကားနောက် လိုက်လံဖမ်းဆီးခဲ့စဉ် ကား၏ စတီယာရင်ခွေ နောက်တွင် ခွေးဘီလူး (pit bull) တစ်ကောင် ရှိနေသည်ကို တွေ့ခဲ့ရပြီး ၎င်း၏ သခင်ဖြစ်သူ အမျိုးသားကမူ ဘေးဘက်ထိုင်ခုံတွင် ရောက်နေသည်ကို တွေ့ခဲ့ရသဖြင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ အံ့သြမှင်သက်ခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ဆီယက်တဲလ်မြို့ တောင်ဘက် ဧရိယာတစ်ခုတွင် ကားတစ်စီးက အခြား ကားနှစ်စီးကို ဝင်တိုက်သွားပြီးနောက် အရှိန်မြှင့်မောင်းသွားကြောင်း သတင်းပေးတိုင်ကြားချက်များ လက်ခံရရှိပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံ အရေးယူဆောင်ရွက်စဉ် ယခုကဲ့သို့ အံ့အားသင့်ဖွယ်ရာ အဖြစ်ကို ဖော်ထုတ်သိရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟယ်သာ အက်ဇ်မန်က အေအက်ဖ်ပီကို ပြောသည်။

ယင်းနောက် ကားတစ်စီး တစ်နာရီ ကီလိုမီတာ ၁၆၀ ကို ကျော်လွန်ပြီး မောင်းနှင်သွားနေသည် ဆိုပြီး ဖုန်းဖြင့် သတင်းပေးတိုင်ကြားမှုများကို အရေးပေါ်ဝန်ဆောင်မှုဌာနက လက်ခံရရှိခဲ့ကြောင်း သူမက ပြောသည်။

ယင်းနောက် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ မြန်နှုန်းမြင့် မောင်းနှင်နေသည့် ၁၉၉၆ ခုနှစ်ထုတ် Buick ကားတစ်စီးနောက် လိုက်ရင်း မီသွားခဲ့စဉ် ကားဒရိုင်ဘာခုံတွင် ခွေးဘီလူးတစ်ကောင် ရောက်နေပြီး အမျိုးသားတစ်ဦးကမူ နံဘေး ခရီးသည်ခုံပေါ်တွင် ထိုင်ရင်း စတီယာရင်ခွေ ထိန်းကာ ခြေနင်းပြားကို နင်းထားသည်ကို အံ့အားသင့်ဖွယ်ရာ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ရဲများက ဆူးချွန်ပါ ယာဉ်တားမြစ်ကိရိယာကို ဖြန့်ကျက်ပြီး ကားပေါ်မှ အသက် ၅၁ နှစ်အရွယ် အယ်လ်ဘာတို တီတို အလီဂျန်ဒရို အမည်ရ အမျိုးသားကို ဖမ်းဆီးခဲ့သည်။ ၀ါရှင်တန်ပြည်နယ် အနောက်ပိုင်းတွင် နေထိုင်သူတစ်ဦးဖြစ်သည့် အလီ ဂျန်ဒရိုသည် မူးယစ်ဆေးသုံးပြီး ကားမောင်းမှုအပါအဝင် ပြစ်ချက် အများအပြား ကျူးလွန်ထားသည်ဟုလည်း သိရသည်။

“ကျွန်မတို့ သူ့ကို ဖမ်းခေါ်သွားတော့ သူက သူ့ရဲ့ ခွေးကို ကားမောင်းသင်ပေးဖို့ ကြိုးစားနေတယ်လို့ ဝန်ခံခဲ့တယ်လေ” ဟု အက်ဇ်မန်က ပြောသည်။

“ ကျွန်မ ရဲအလုပ် လုပ်လာတာ ခုဆို ဆယ်နှစ်နီးပါးတောင် ရှိပါတယ်၊ ကျွန်မ ပြစ်မှုကျူးလွန်သူတွေကို လိုက်ဖမ်းရတဲ့အခါတိုင်း သူတို့တွေဆီက ဆင်ခြေတွေ၊ အကြောင်းပြချက်တွေ အမျိုးမျိုး ကြားခဲ့ဖူးပါတယ်၊ ဒါပေမယ့် ခွေးက ကားမောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးတော့ ကျွန်မ တစ်ခါမှ မကြားခဲ့ဖူးပါဘူး” ဟု ၎င်းက ရယ်မောရင်း ပြောသည်။

အလားတူ ကားပေါ်တွင် ပါလာသည့် ခွေးဘီလူး မလေးသည်လည်း ရဲတပ်ဖွဲ့ဝင်များကို ရန်လိုခဲ့ခြင်း မရှိဘဲ ယခုအခါ အဆိုပါ ခွေးကို တိရစ္ဆာန် ထိန်းသိမ်းရေးစင်တာတစ်ခုတွင် ထားရှိထားကြောင်း အက်ဇ်မန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly