တရုတ်နိုင်ငံအတွင်း COVID-19 စမ်းသပ်ကိရိယာ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ ရောင်းချနေ

တရုတ်နိုင်ငံအတွင်း COVID-19 စမ်းသပ်ကိရိယာ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ ရောင်းချနေ

မတ် ၃၀

တရုတ်နှစ်သစ်ကူးအားလပ်ရက်အလွန် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားလာချိန်၌ နန်ကျင်းစက်ရုံမှ နည်းပညာရှင်တစ်စုသည် အသင့်စားခေါက်ဆွဲစားကာ ဗိုင်းရပ်စ်စမ်းသပ်ကိရိယာငယ်များ ထုတ်လုပ်ရန် နာရီပေါင်းများစွာ အလုပ်လုပ်နေခဲ့ကြသည်။

ထိုစဉ် ဝူဟန်နှင့်တရုတ်နိုင်ငံတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ပြီးပြီဖြစ်ကာ ဘေကျင်းအစိုးရဆီမှလည်း ဆေးဘက်သုံးပစ္စည်းထုတ်လုပ်ခွင့် ရရှိသည့်လုပ်ငန်းမှာ အနည်းငယ်သာရှိပြီး ရာပေါင်းများစွာသော ကုမ္ပဏီများသည် အဆိုပါ စမ်းသပ်ကိရိယာငယ်များထုတ်လုပ်ရန် အခက်တွေ့လျက်ရှိသည်။

“ကျွန်တော် ပစ္စည်းထုတ်လုပ်ခွင့်ကို တရုတ်အစိုးရဆီ လျှောက်ဖို့ မစဉ်းစားခဲ့ဘူး၊ လျှောက်ရတာလည်းကြာတယ်၊ နောက်ဆုံး သဘောတူညီချက်ရရင် ကပ်ရောဂါလည်း ပြီးနေလောက်ပြီလေ” ဟု Nanjing Liming Bio-products ကုမ္ပဏီပိုင်ရှင် Zhang Shuwen ကပြောသည်။ တရုတ်ပြင်ပ ကိုရိုနာကူးစက်ခံနေရသည့် ကျန်ကမ္ဘာ့နိုင်ငံများသို့ ရောဂါစမ်းသပ်ကိရိယာများ တရုတ်မှ တင်ပို့ရောင်းချသူများထဲတွင် Zhang ၏ကုမ္ပဏီလည်းပါဝင်သည်။

Zhang သည် ဖေဖော်ဝါရီလက ဥရောပတွင် ရောဂါစမ်းသပ်ကိရိယာ (၄) မျိုးကိုရောင်းချနိုင်ရန် လျှောက်ထားခဲ့ပြီး မတ်လ၌ ဥရောပကသတ်မှတ်ထားသော ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်မထိခိုက်ရေး စံချိန်စံနှုန်းများနှင့်အညီ ထုတ်လုပ်ရန် တရားဝင်ခွင့်ပြုချက်ရရှိခဲ့သည်။ ယခုအခါ Zhang သည် အီတလီ၊ စပိန်၊ ဩစတြီးယား၊ ဟန်ဂေရီ၊ ပြင်သစ်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ဂျပန်နှင့် တောင်ကိုရီးယားရှိ ဖောက်သည်များထံမှ အော်ဒါများ လက်ခံရယူလျက်ရှိသည်။  

လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေ၏ (၃) ဘီလီယံခန့်Lockdown ချခံထားရပြီး တစ်ကမ္ဘာလုံးတွင် သေဆုံးသူ (၃၀ ၀၀၀) ကျော်ရှိပြီဖြစ်သည်။ ဥရောပနှင့်အမေရိကန်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်မားလျက်ရှိပြီး ဝူဟန်ဗဟိုချက်မှသည် အီတလီ၊ စပိန်နှင့် နယူးယောက်အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။

ဝူဟန်မြို့က ဆေးဘက်သုံးပစ္စည်းထုတ်လုပ်သည့် BGI Group ကုမ္ပဏီသည် ဖေဖော်ဝါရီလအစောပိုင်းကတည်းက တစ်ရက်လျှင် ရောဂါစမ်းသပ်ကိရိယာငယ် အခုရေ (၂၀၀ ၀၀၀) ထုတ်လုပ်ခဲ့ပြီး ယခု (၆၀၀ ၀၀၀) အထိ ထုတ်လုပ်လာနိုင်ကာ အမေရိကန်၌ ရောင်းချရန် ပထမဆုံးခွင့်ပြုချက်ရသည့် ကုမ္ပဏီဖြစ်သည်။

မတ်လ၂၆ ရက်ထိစာရင်းအရ ဥရောပဈေးကွက်၌ ပစ္စည်းတင်သွင်းခွင့်ရသည့် တရုတ်ကုမ္ပဏီပေါင်း (၁၀၂) ခုရှိကြောင်း China Association of In Vitro Diagnostics မှ အကြီးအကဲ Song Hai က ပြောသည်။ သို့သော် အများစုမှာ တရုတ်နိုင်ငံ၌ရောင်းချရန် ခွင့်ပြုချက်မရရှိထားကြောင်း သိရသည်။

ကုမ္ပဏီ (၁၃) ခုသာ  ရောဂါစမ်းသပ်ကိရိယာငယ် (PCR) ရောင်းရန် ပြည်တွင်း၌ခွင့်ပြုချက်လိုင်စင်ရရှိထားပြီး ၎င်းတို့အနက် ၈ ခုမှာ ပဋိဇီဝပစ္စည်း စမ်းသပ်ကိရိယာရောင်းသည့် ကုပမ္ပဏီများသာဖြစ်သည်။

Shangsha ရှိ Biotechnology ကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသူ မန်နေဂျာတစ်ဦးက တိရစ္ဆာန်များအတွက် ရည်ရွယ်သော ရောဂါစမ်းသပ်ကိရိယာရောင်းချရန်လိုင်စင်ရထားသည့် ၎င်းတို့ကုမ္ပဏီသည် COVID-19 Kits  ဆိုသည့် ဒီဇိုင်းအသစ်ဖြင့် ဥရောပတွင်ရောင်းချနိုင်ရန် ပြင်ဆင်နေသည် ဟု ဆိုသည်။

တရုတ်သည် စပိန်နိုင်ငံသို့ ယူရို (၄၃၂) သန်း (အမေရိကန်ဒေါ်လာ ၄၈၁ သန်း) တန်ဖိုးရှိ နှာခေါင်းစည်းအခုရေ (၅၅၀) သန်း၊ ရောဂါစမ်းသပ်ကိရိယာငယ် (၅.၅) သန်း၊ အသက်ရှူစက်အလုံးရေ  (၉၅၀) တို့ကို တင်ပို့နိုင်ခဲ့သော်လည်း ပစ္စည်းအရည်အသွေးပေါ် စိုးရိမ်နေကြသည်။

ရှန်ကျန်းအခြေစိုက်ကုမ္ပဏီ Bioeasy Biotechnology ကုမ္ပဏီက ထုတ်လုပ်သည့် ပဋိဓာတ်စမ်းသပ်ကိရိယာများသည် COVID-19 စမ်းသပ်မှုအတွက် တိကျသေချာမှု (၈၀) ရာခိုင်နှုန်း ရှိမည်ထင်သော်လည်း (၃၀) ရာခိုင်နှုန်းသာရှိသည်ဟု စပိန်သတင်းစာ El País တွင် ဖော်ပြခဲ့သည်။

Bioeasy သည် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ စပိန်သို့ ပစ္စည်းတင်ပို့ခွင့်ရှိသည့်စာရင်းတွင် မပါဝင်ကြောင်း သိရသည်။ Bioeasy ကုမ္ပဏီက စွပ်စွဲချက်ကိုငြင်းဆိုထားပြီး စပိန်သုသေသနပညာရှင်များက ညွှန်ကြား ချက်များကို မှန်မှန်ကန်ကန် မလိုက်နာခြင်းကြောင့်သာဖြစ်ကြောင်း ပြောဆိုသည်။

အိုင်ယာလန်လေကြောင်းလိုင်း Aer Lingus သည် တစ်ပတ်လျှင် ရောဂါစမ်းသပ်ကိရိယာငယ် (၁၀၀ ၀၀၀) အပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ဆောင်ရန် နေ့စဉ် လေယာဉ်ကြီး (၅) စီး စေလွှတ်ကာ အခြားနိုင်ငံ များနည်းတူ လုပ်ငန်းသုံးလေယာဉ်များကို ဆေးဘက်ပစ္စည်းသယ်လေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။

တရုတ်ရင်းနီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် Huaxi Securities က ကမ္ဘာအဝှမ်း စမ်းသပ်ကိရိယာဝယ်လိုအားမှာ တစ်ရက်လျှင် (၇၀၀ ၀၀၀) ရှိမည်ဟု ခန့်မှန်းကြောင်း ၊ သို့သော်လည်း ကမ္ဘာ့နိုင်ငံတစ်ဝက်ခန့်မှာ Lockdown ချမှတ်ခံထားရ၍ စမ်းသပ်စစ်ဆေးမှုမရှိသည့်နိုင်ငံများလည်းရှိသဖြင့်  မယုတ်မလွန်သော ခန့်မှန်းချက်ဖြစ်ကြောင်း ပြောသည်။

ကပ်ရောဂါအခြေအနေကြောင့် စမ်းသပ်ကိရိယာပစ္စည်းများထုတ်လုပ်ရာမှာ လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ ရရန် ခဲယဉ်းနေသည့်အတွက် ကမ္ဘာတစ်ဝန်းတွင် ပစ္စည်းပြတ်တောက်မှု ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဥပမာ- Zymo Research ကုမ္ပဏီသည် ရောဂါနမူနာများကို သယ်ပို့ သိုလှောင်သည့်ပစ္စည်းများကို အလျှံပယ်ထုတ်လုပ်နိုင်သော်လည်း ထိုနမူနာများကို ကောက်ယူမည့် ဂွမ်းရှားပါးမှုနှင့် ကြုံတွေ့နေရသည်။

Zhang ၏ Nanjing Liming Bio-products ကုမ္ပဏီသည် နေ့စဉ် PCR ကိရိယာ (၃၀ ၀၀၀) ထုတ်လုပ်နိုင်ပြီး (၁၀၀ ၀၀၀) အထိ ထုတ်လုပ်နိုင်ရေး စက်ကြီးနှစ်လုံးဝယ်ယူရန် စီစဉ်ထားသည်ဟုဆိုသည်။ ပစ္စည်းထုတ်လုပ်မှုဖြစ်စဉ်မှာ ရှုပ်ထွေးပြီး သယ်ယူပို့ဆောင်ရေးက ပို၍ပင်ခက်ခဲသည်ဟု Zhang က ဆိုသည်။

“နိုင်ငံခြားကို ပဋိဇီဝပစ္စည်းစမ်းသပ်တဲ့ကိရိယာရောင်းတာ လွယ်ပါတယ်၊ ဒါပေမယ့် တရုတ်နိုင်ငံမှာ ပြည်ပကို PCR ကိရိယာတင်ပို့တဲ့ ကုမ္ပဏီ ၅ ခုထက်မပိုဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပစ္စည်းတင်ပို့တဲ့အခါ ပတ်ဝန်းကျင်အပူချိန်က (၂၀) ဒီဂရီဆဲလ်စီယပ်စ်ရှိဖို့လိုအပ်တယ်၊ ပိုက်ဆံပိုပေးရတယ်" ဟု Zhang ကပြောသည်။

တရုတ်သည် ရောဂါစမ်းသပ်ကိရိယာတင်ပို့ရောင်းချရာတွင် ဥရောပနှင့်အမေရိကန်နိုင်ငံများကို ဘယ်သောအခါမှမယှဉ်နိုင်ခဲ့သော်လည်း COVID-19 ကပ်ရောဂါကြုံရပြီးနောက် ယခုအခါ ဆေးဘက်သုံးပစ္စည်းထောက်ပံ့ရာ ဗဟိုချက်ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly