ကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်ဦးထပ်တွေ့

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညတွင် ထုတ်ပြန်လိုက်ရာ ယခုအခါ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀ ဦး ရှိသွားပြီဖြစ်သည်။

ပထမတစ်ဦးက ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်တွင်နေထိုင်သူ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ယခင်ရက်ပိုင်းက ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူ ရန်ကုန် မင်္ဂလာတောင်ညွှန့်မှလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ဖူးသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားဖြစ်သည်။

" အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦး၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။" ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ရှစ်ဦးအနက် ခြောက်ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး နှစ်ဦးကတော့ ဝေဘာဂီအထူးကုဆေးရုံကြီး၏ အထူးကြပ်မတ်ခန်းတွင် သီးခြားထားရှိ ဆေးကုသမှုခံယူနေရသည်ဟုလည်း ထုတ်ပြန်ထားသည်။

ယနေ့ အစောပိုင်းက ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း ဓာတ်ခွဲအတည်ပြု လူနာ ရှစ်ဦးထိတွေ့ခဲ့သူပေါင်း လူ ၄၇၀ ကျော်ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly