ဒုတိယကမ္ဘာစစ်အတွင်းက လိင်ကျွန်ပြဿနာ အမြန်ဆုံးဖြေရှင်းရန် ဂျပန်နှင့် တောင်ကိုရီးယားသဘောတူ

ဒုတိယကမ္ဘာစစ်အတွင်းက လိင်ကျွန်ပြဿနာ အမြန်ဆုံးဖြေရှင်းရန် ဂျပန်နှင့် တောင်ကိုရီးယားသဘောတူ

ဆိုးလ်၊ နိုဝင်ဘာ - ၂ ။       ။ သုံးနှစ်ခွဲကြာ ဆက်ဆံရေးအေးခဲနေခဲ့ပြီးနောက်တွင် တောင်ကိုရီးယားနှင့် ဂျပန်တို့မှာ နိုဝင်ဘာ ၂ရက်နေ့က ပုံမှန်ဆွေးနွေးပွဲများကို ပြန်လည်စတင်ခဲ့ကြပြီး ဆယ်စုနှစ် များစွာ ကြာမြင့်လာခဲ့ပြီဖြစ်သည့် ဒုတိယကမ္ဘာစစ်အတွင်းက ကိုရီးယားအမျိုးသမီးများအား ဂျပန်စစ်တပ်ပိုင် ဇိမ်ခန်းများသို့ ဇိမ်မယ်များအဖြစ် ဇွတ်အတင်း သွပ်သွင်းခဲ့သည့် ပြဿနာ ကိုဖြေရှင်းရေး ကြိုးစားမှုများကို အရှိန်အဟုန်မြှင့်တင်ရန်လည်း သဘောတူခဲ့ကြသည်။

ထိုသဘောတူညီချက်ကို ခြေတစ်လှမ်းတိုးခြင်းအဖြစ် ယူဆနိုင်သော်လည်း တိုးတက်မှုတစ်ခုတော့မူ မဟုတ်ပါ။ နှစ်နိုင်ငံဆက်ဆံရေးမှာ ရှေ့က နောင်တော်ဝန်ကြီးချုပ်များထက် စစ်ရေးကို အလေးပေးသော အမျိုးသားရေးဝါဒီရပ်တည်ချက်ကို ကိုင်စွဲသူ ဝန်ကြီးချုပ် ရှင်ဇို အာဘေးတက်လာသည့် ၂၀၁၂ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။ အာဘေးမှာ ၁၉၁၀မှ ၁၉၄၅ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်၏ ရက်စက်သောကိုလိုနီအုပ်စိုးမှုကို ေ၀ဝါးသွားအောင် လုပ်ဆောင်နေသည်ဟု ဆိုးလ်က ယုံကြည်နေသည်။

ပဋိပက္ခ၏ အဓိကအရင်းမြစ်မှာ ဇိမ်မယ်များဟု တင်စားခေါ်ဝေါ်သည့် စစ်ကာလ လိင်ကျွန်ပြုမှုများအတွက် ဂျပန်၏ တာဝန်ယူမှုပင်ဖြစ်သည်။ သမိုင်းပညာရှင်များ၏ ပြောကြားချက်အရ အများစုမှာ ကိုရီးယားမှဖြစ်သည့် အာရှတစ်ခွင်မှ သောင်းနှင့်ချီသည့် အမျိုးသမီးများကို ဂျပန်စစ်သားများအား လိင်ဖျော်ဖြေမှုပေးရန်အတွက် ရှေ့တန်း စစ်တပ်ဇိမ်ခန်းများသို့ စေလွှတ်ခဲ့သည်ဟု ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ယခင်ကလည်း ဂျပန်က အကြိမ်ကြိမ် တောင်းပန်ခဲ့ပြီးဖြစ်သော်လည်း တောင်ကိုရီးယားကမူ တောင်းပန်ချက်များနှင့် နစ်နာကြေးပေးသည့် အတိတ်လုပ်ရပ်များမှာ လုံလောက်မှုမရှိဟု ယူဆနေသည်။

အာဘေးက ၁၉၉၃ခုနှစ် တောင်းပန်ချက်ကို ပြင်ဆင်ရန် မျှော်လင့်ခဲ့သော်လည်း တောင်ကိုရီးယားနှင့် အလားတူနေရာများမှ ဆန့်ကျင်မှုများ ပေါ်ထွက်လာသည့်အခါတွင်မူ ထိုသို့ မလုပ်ရန် ကတိပြုခဲ့ ရသည်။

တနင်္လာနေ့တွင်မူ အာဘေးနှင့် တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟီးတို့နှစ်ဦးက စောလျင်စွာ ကျင်းပမည့် ဆွေးနွေးပွဲမှတစ်ဆင့် ဇိမ်မယ်ပြဿနာကို ဖြေရှင်းရေး ကြိုးစားသွားကြရန် သဘောတူခဲ့ကြ သည်။

နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်စေရာတွင် ဇိမ်မယ်ပြဿနာမှာ အကြီးမားဆုံးအတားအဆီးဖြစ်သည်ဟု သမ္မတပက်က ပြောကြားခဲ့သည်။ ကိုရီးယားပြည်သူများက လက်ခံနိုင်မည့်ပုံစံဖြင့် ဇိမ်မယ်ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းရမည်ဟုလည်း ပက်က အလေးအနက် ပြောကြားခဲ့သည်။

အာဘေးကလည်း သဘောတူညီချက်ကို အတည်ပြုခဲ့ပြီး သူနှင့်ပက်တို့ ဇိမ်မယ်ပြဿနာ ဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့်ရန် သဘောတူခဲ့ကြကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

‘ဇိမ်မယ်ပြဿနာနဲ့ ပတ်သက်လိုပ ဒီအတားအဆီးကို ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်အတွက် ချန်မထားသင့်ဘူးလို့ ကျနော်ထင်ပါတယ်’’ဟု အာဘေးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly