ဖိလစ်ပိုင်မှာ ပြည်သူတွေ အိမ်ထဲမှာပဲ နေကြအောင် စစ်ဆေးရေးဂိတ်မှာ ခေါင်းတလားတွေနဲ့ လူအရိုးခေါင်းခွံတွေ ချပြထား

ဖိလစ်ပိုင်မှာ ပြည်သူတွေ အိမ်ထဲမှာပဲ နေကြအောင် စစ်ဆေးရေးဂိတ်မှာ ခေါင်းတလားတွေနဲ့ လူအရိုးခေါင်းခွံတွေ ချပြထား

မတ်လ ၂၇။              ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် မြောက်ဖက်က ဆန်တိုတိုမတ်စ်အရပ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ခေါင်းတလားအလွတ်တွေနဲ့ လူအရိုးခေါင်းခွံတွေကို ချပြထားပါတယ်။

ခေါင်းတလားတွေပေါ်မှာလည်း ‘အိမ်ထဲမှာ နေရင်နေ ဒါမှမဟုတ် အခေါင်းထဲမှာ နေရမယ်’ ဆိုတဲ့ စာတွေကို ရေးကပ်ထားတာ တွေ့ရပါတယ်။

ခုလို သေခြင်းတရားနဲ့ ပတ်သက်တဲ့ နိမိတ်ပုံတွေကို ဖန်တီးချပြထားတာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတဲ့ ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ ကိုယ်တိုင် သီးခြားခွဲနေကြတာနဲ့ အိမ်ထဲမှာပဲ နေကြအောင် ရည်ရွယ် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

နိုင်ငံအတွင်းက ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ကာကွယ်ရေးပစ္စည်းတွေ ရှားပါးတယ်ဆိုပြီး ကျန်းမာရေးဝန်ထမ်းတွေက အရေးဆိုနေသလို ဆေးရုံတွေမှာလည်း ဖိစီးမှုတွေ ရင်ဆိုင်နေရချိန်မှာပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆရာဝန် ကိုးဦး သေဆုံးခဲ့ပါတယ်။

ဖိလစ်ပိုင် ကျန်းမာရေးအသင်းကြီးရဲ့ ဆရာဝန် ကိုးဦး သေဆုံးကြောင်း အခု ကြေညာချက်ကြောင့် နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာဟာ တရားဝင်ထုတ်ပြန်ထားတာထက် ပိုပြီး ဆိုးဝါးနေနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူ ပန်မှုတွေကို ပိုပြီး အရှိန်မြင့်တက်စေပါတယ်။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၈ ဦး ရှိကြောင်း တရားဝင်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မနီလာက ဆေးရုံကြီး သုံးခုဟာလည်း လူပြည့်ကျပ်နေပြီ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာပြီး နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် လူနာ လက်မခံနိုင်တော့ကြောင်း ပြောလာပါတယ်။

သံသယရှိ ဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက်မှာ ရာနဲ့ချီတဲ့ ဆရာဝန်တွေဟာ ကိုယ်တိုင်ရောဂါခြေချုပ်နဲ့ နေထိုင်နေရတာကြောင့်လည်း လူနာတွေကို လက်မခံနိုင်တော့တာ ဖြစ်တယ်လို့ အဆိုပါ ဆေးရုံတွေက ထုတ်ပြန်ထားပါတယ်။

အင်္ဂါနေ့အထိ နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးခဲ့တဲ့ နှုန်းထားဟာ ၂၀၀၀ ပင် မပြည့်သေးကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly