ကန်ရေတပ်ကို တုန့်ပြန်သည့် တရုတ်က လက်နက်တပ်ဆင်သည့် ဂျက်လေယာဉ်များကို အငြင်းပွားရေပြင်ပေါ်သို့ စေလွှတ်

ကန်ရေတပ်ကို တုန့်ပြန်သည့် တရုတ်က လက်နက်တပ်ဆင်သည့် ဂျက်လေယာဉ်များကို အငြင်းပွားရေပြင်ပေါ်သို့ စေလွှတ်

ပေကျင်း၊ နိုဝင်ဘာ - ၂ ။       ။ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းများအနီးသို့ အမေရိကန်ဖျက်သင်္ဘော ဝင်ရောက်ခုတ်မောင်းမှုက ပေကျင်းကို ဒေါသူပုန်ထစေခဲ့သည်။

ဒုံးကျည်များတပ်ဆင်ထားသည့် တရုတ်ရေတပ် ဂျက်တိုက်လေယာဉ်များက တောင်တရုတ်ပင်လယ်အတွင်းရှိ ဗီယက်နမ်အနီး အငြင်းပွားရေပြင်အထက် ဝေဟင်တွင် စစ်ရေးလေ့ကျင့်ခဲ့ရာ ဒေသတွင်း တွင် အမေရိကန်၏ ရန်စမှုဟု ပေကျင်းက ယူဆသည့် လုပ်ရပ်ကို တုန့်ပြန်ခြင်းဖြစ်နိုင်သည်။

 South China Morning Post ၏ သတင်းတစ်ရပ်အရ တရုတ်ရေတပ်၏ စနေနေ့က ထုတ်ပြန်သည့် ဓာတ်ပုံများအရ လက်နက်တပ်ဆင်ထားသည့် ဂျက်တိုက်လေယာဉ်များမှာ ပရာဆယ် ကျွန်းစုအတွင်း ရှိ Woody Islandပေါ်မှ ပြေးလမ်းမှတစ်ဆင့် အတက်အဆင်းလုပ်၍ စစ်ရေးလေ့ကျင့်ခဲ့ကြသည်ဟု ဆိုသည်။

အရှေ့တောင်ဖျားရှိ စပရတ်တလေကျွန်းစုများနှင့်အတူ ပရာဆယ်ကျွန်းစုမှာ တရုတ်နှင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကဲ့သို့သော သေးငယ်သော ဒေသတွင်း အိမ်နီးချင်းနိုင်ငံများကြား တိုး၍တင်း မာလာနေသော ပိုင်နက်အငြင်းပွားရာ အဓိကနေရာတစ်ခုပင်ဖြစ်သည်။ တရုတ်နိုင်ငံက အနီးပတ်ဝန်းကျင်နိုင်ငံများ၏ ရေပိုင်နက်နယ်နိမိတ်ကို လျစ်လျူရှုကာ ကျွန်းစုများကို သိမ်းပိုက်ခဲ့ပြီး စစ်ရေးရည်ရွယ်ချက်ဟု အများက ယူဆနေသည့် ကျွန်းတုများကိုလည်း ချဲ့ထွင်တည်ဆောက်နေခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန်ရေတပ်က နိုင်ငံတကာရေပြင်တွင် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ကျင့်သုံးခြင်းဟုဆိုကာ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်းကို စပရတ် တလေကျွန်းစုများအတွင်းရှိ လူလုပ်ကျွန်းများအနီး ရေမိုင် ၁၂မိုင်နယ်နိမိတ်အတွင်းသို့ စေလွှတ်လိုက်ခြင်းကြောင့် ပေကျင်း၏ ပိုင်နက်ပြောဆိုချက်ကို လက်တွေ့ငြင်းပယ်လိုက်ခြင်းပင် ဖြစ်သည်။

ထိုအပြုအမူက တရုတ်အာဏာပိုင်များကို ဒေါသူပုန်ထစေခဲ့ပြီး တရုတ်ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝူရှန်လီက အလားတူ အန္တရာယ်ကြီးသည့် ရန်စသော အပြုအမူကြောင့် အနာဂတ်တွင် မဟာ အင်အားကြီးနှစ်နိုင်ငံကြား စစ်ပွဲဆီသို့ ဦးတည်သွားနိုင်ကြောင်း အမေရိကန်ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျွန် ရစ်ချတ်ဆန်အား ပြောကြားခဲ့သည်။ တရုတ်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက် ၍မူ အမေရိကန်က လူသိရှင်ကြား တုန့်ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly