ရန်လိုမှုကို ဘေးဖယ်ကာ ပူးပေါင်းဆောင်ရွက်မည်ဟု တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့ ထိပ်သီးဆွေးနွေးပွဲတွင် ပြော

ရန်လိုမှုကို ဘေးဖယ်ကာ ပူးပေါင်းဆောင်ရွက်မည်ဟု တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့ ထိပ်သီးဆွေးနွေးပွဲတွင် ပြော

ဆိုးလ်၊ နိုဝင်ဘာ ၂ ။               ။ သုံးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ပြုလုပ်သည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲတွင် သမိုင်းရန်ငြိုးများကို ဘေးချိတ်ကာ ဒေသတွင်းကုန်သွယ်ရေးနှင့် လုံခြုံရေးအတွက် နောက်တစ်ကြိမ်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်တို့က နိုဝင်ဘာ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို ဆိုးလ်တွင် ကျင်းပခဲ့ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး၊ တရုတ်ဝန်ကြီးချုပ် လီကယ်ချန်းနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် မိနစ် ၉၀ကြာ   ဆွေးနွေးပွဲအတွင်း လွတ်လပ်သည့်ကုန်သွယ်ရေးမှသည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်၏ ခြိမ်းခြောက်မှုအထိ များပြားကျယ်ပြန့်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးမှာ တင်းမာသည့် ဆက်ဆံရေးကို ပြင်ဆင်ရန် ရည်ရွယ်သည့် သဘောဆောင်သော်လည်း  ကြီးမားသည့် အောင်မြင်မှုမရခဲ့ပေ။

ယခုထိပ်သီးဆွေးနွေးပွဲတွင် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ပြန်လည်ပြုလုပ်မှုတွင် တူညီသည့်အမြင်ရှိကြောင်း ရှည်လျားသည့် ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်များက ပြောကြားခဲ့သည်။ သုံးနိုင်ငံနှစ်စဉ်ထိပ်သီးစည်းဝေးပွဲများ ကျင်းပရန်လည်း ၎င်းတို့က သဘောတူခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ဂျပန်၌ ထပ်မံစည်းဝေးမည်ဟု သိရသည်။

သုံးနိုင်ငံသည် လွန်ခဲ့သည့် ခုနှစ်နှစ်က နှစ်ပါတ်လည်ထိပ်သီးဆွေးနွေးပွဲများကျင်းပခဲ့သော်လည်း ဒုတိယကမ္ဘာစစ်က သမိုင်းရေးတင်းမာမှုများကြောင့် ၂၀၁၂ခုနှစ်ပိုင်း ကွင်းဆက်ပြတ်သွားခဲ့သည်။

နိုဝင်ဘာ ၁က စီးပွားရေးဆက်ဆံမှုကို အဓိကထားဆွေးနွေးခဲ့ကြပြီး အထူးသဖြင့်တရုတ်က ၎င်း၏နှေးကွေးနေသော် စီးပွားရေးကို အရှိန်မြင့်ရေးအတွက် ကုန်သွယ်ရေးဆက်ဆံမှုခိုင်မာရန် စိတ်အားထက်သန်နေသည်။

သုံးနိုင်ငံ လွတ်လပ်သောကုန်သွယ်ရေးတူညီချက်ရရှိရေး ကတိပြုရန်အချက်လည်း ပူးတွဲကြေညာချက်တွင် ပါဝင်သည်။ ယင်းသဘောတူချက်က တရုတ်နှင့် တောင်ကိုရီးယားတို့ မပါဝင်သည့် အမေရိကန်ဦးဆောင် ပစိဖိတ်ကုန်သွယ်ရေးစာချုပ်သစ်ကို အားပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly