၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအကုန်တွင် နေပြည်တော်နှင့် မနောမြေ တန်းဆင်းခဲ့ရ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအကုန်တွင် နေပြည်တော်နှင့် မနောမြေ တန်းဆင်းခဲ့ရ
ဟံသာဝတီကို ရှံုးနိမ့်ပြီးနောက် လိဂ်-၂ သို့ တန်းဆင်းသွားသည့် နေပြည်တော်အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များ အပြီး၌ နေပြည်တော်အသင်းနှင့် မနောမြေအသင်းတို့ လိဂ်-၂ သို့ တန်းဆင်းခဲ့ရသည်။ နောက်ဆုံးပွဲ မတိုင်ခင်၌ နေပြည်တော်၊ မနောမြေ၊ ရခိုင်အသင်းတို့ ရမှတ် တစ်မှတ်စီသာ ကွာဟ၍ တန်းဆင်းဇုန်အတွင်း၌ တည်ရှိနေသော်လည်း ရခိုင်အသင်းက ကမ္ဘောဇအသင်းကို ၃-၂ ဖြင့် အနိုင်ရကာ တန်းဆင်းဇုန်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်အသင်းမှာမူ ဟံသာဝတီအသင်းကို ဖိကစားနိုင်ခဲ့သော်လည်း ချေပဂိုးပြန်လည်သွင်းနိုင်ခြင်း မရှိသည့်အတွက် ပွဲအပြီးတွင် ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သလို မနောမြေအသင်းသည် ရတနာပုံအသင်းကို ဗထူးကွင်း၌ ၃-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။

အခြားပွဲစဉ်များ၌ ဧရာဝတီအသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး တစ်ဖက် နှစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သလို မကွေးအသင်းနှင့် ဇွဲကပင်အသင်းတို့မှာလည်း ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်အသင်းက အိမ်ကွင်း၌ ချင်းအသင်းကို ဆီဇာ၏ ခြေစွမ်းပြ သွင်းဂိုး ငါးဂိုး၊ သန်းပိုင် တစ်ဂိုး သွင်းယူကာ ပွဲအပြီး၌ ၆-၂ ဖြင့် အနိုင်ရခဲ့သည်။

ရန်ကုန်တိုက်စစ်မှူး ဆီဇာသည် အဆိုပါ ဂိုး ငါး ဂိုး အပါအဝင် ယခုနှစ်ဘောလုံးရာသီတွင် သွင်းဂိုးစုစုပေါင်း ၂၈ ဂိုး ဖြင့် မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုံးဆုကို သုံးနှစ်ဆက်တိုက် ရယူနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်များအပြီး၌ ရန်ကုန်အသင်းက ရမှတ် ၅၄ ဖြင့် ပထမ၊ ရတနာပုံအသင်းက ၄၆ မှတ်ဖြင့် ဒုတိယ ရရှိခဲ့ပြီး မနောမြေအသင်းက ၁၉ မှတ်၊ နေပြည်တော်အသင်းက ရမှတ် ၁၇ မှတ် ဖြင့် လိဂ်-၂ သို့ တန်းဆင်းခဲ့ရသည်။

လာမည့်နှစ် ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၁ သို့ ဆောက်သမ်းအသင်းနှင့် Horizon အသင်းသို့ တန်းတက်လာနိုင်ခဲ့ပြီး လိဂ်-၂ ပြိုင်ပွဲတွင်မူ အသင်းသစ် သုံးသင်း ထပ်မံဝင်ရောက်ကာ စုစုပေါင်း ၁၃ သင်း ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly