ရတနာပုံအသင်းဝင်မပြိုင်တော့သဖြင့် ယူနန်ဖိတ်ခေါ်ပြိုင်ပွဲကို ဟံသာဝတီဝင်ပြိုင်မည်

ရတနာပုံအသင်းဝင်မပြိုင်တော့သဖြင့် ယူနန်ဖိတ်ခေါ်ပြိုင်ပွဲကို ဟံသာဝတီဝင်ပြိုင်မည်
ယူနန်ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် ဟံသာဝတီအသင်း။ (ဓာတ်ပုံ- MFF)

တရုတ်နိုင်ငံ၊ ယူနန်မြို့တွင်ကျင်းပမည့် အာဆီယံ-ယူနန်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မူလက ရတနာပုံအသင်း ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ထားသော်လည်း ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲဝင်ရောက်ရန်ရှိသဖြင့် ဟံသာဝတီယူနိုက်တက်အသင်းက အစားထိုးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံ-ယူနန်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၀ရက်မှ ၃၀ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ မြန်မာစသည့်နိုင်ငံများမှ ကလပ်အသင်းများနှင့် တရုတ်ကလပ်အသင်းများဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“ရတနာပုံက မပြိုင်တော့ဘူးဆိုတော့ ဒီပြိုင်ပွဲကို ကျွန်တော်တို့အသင်းဝင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တာပါ။ နိုင်ငံခြားသားကစားသမားတွေက စာချုပ်သက်တမ်းရှိသေးတဲ့အတွက် လူစာရင်းမှာပါလာနိုင်ပါတယ်။ ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ထက် လူငယ်ကစားသမားတွေ အတွေ့အကြုံရဖို့ အဓိကထားပါတယ်။ လက်ရွေးစင်တွေက ဝင်ပြိုင်မှာမဟုတ်ပါဘူး။” ဟု ဟံသာဝတီအသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းကပြောသည်။

အာဆီယံ-ယူနန်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ၂၀၁၂ခုနှစ်မှစတင်ကာ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၂ခုနှစ်တွင် မနောမြေ၊ ၂၀၁၃ခုနှစ်တွင် ဟံသာဝတီ၊ ၂၀၁၄ခုနှစ်တွင် ရတနာပုံအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၂၀၁၅ခုနှစ်တွင် ဟံသာဝတီအသင်းက ဒုတိယအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly