ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးကို ဝေဖန်သည့် စာရေးဆရာများ တိုက်ခိုက်ခံနေရ ယခုနှစ်အတွင်း ငါးဦးအထိ သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးကို ဝေဖန်သည့် စာရေးဆရာများ တိုက်ခိုက်ခံနေရ ယခုနှစ်အတွင်း ငါးဦးအထိ သေဆုံး

အောက်တိုဘာလ ၃၁ရက်နေ့က ဘာသာရေးကို ဝေဖန်သည့် စာအုပ်များကို ပုံနှိပ်ထုတ်ဝေသူတစ်ဦးအား ၎င်း၏ ရုံးခန်းတွင်ပင် ဓားဖြင့် ထိုးသတ်လိုက်ရာ ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်၌ မွတ်စလင် အစွန်းရောက်ဝါဒကို မေးခွန်းထုတ်သည့် အကြောင်းအရာများကို ရေးသားထုတ်ဝေသူများအား ဆက်တိုက် ဓားဖြင့်တိုက်ခိုက်မှုများအတွင်း ငါးယောက်မြောက် သေဆုံးသူပင်ဖြစ်သည်။

အသတ်ခံရသည့် ဘလော့ဂါ အဝီဂျစ် ရွိုင်း၏ စာအုပ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည့် ဂျာရစ်တီးပုံနှိပ်တိုက်၏ အကြီးအကဲ ဖိုင်ဆယ် အာရီဖင် ဒီပွန်ကို သတ်ဖြတ်မှုမှာ အခြားသော ရွိုင်း၏ ထုတ်ဝေသူများ တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာတွင် ဖြစ်ပွားလာခဲ့ခြင်းပင်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဖွား အမေရိကန်နိုင်ငံသားဖြစ်သည့် ဘလော့ဂါ ရွိုင်းမှာ ဖေဖော်ဝါရီလက ဘင်္ဂလားဒေ့ရှ်မြို့တော်တွင် ကျင်းပသည့် စာအုပ်ပြပွဲအပြင်ဘက်တွင် ဓားပြားများဖြင့် ခုတ်သတ်ခြင်း ခံခဲ့ရသည်။

အာမီဒါ ရာရှစ် တူတူ (၄၃နှစ်)မှာလည်း လူတစ်စုက ရုံးအတွင်းသို့ တစ်ဟုန်ထိုးဝင်ရောက်လာပြီး သေနတ်နှင့်ချိန်ကာ ၎င်းနှင့် အခြားဘလော့ဂါနှစ်ဦးအား ဦးခေါင်းကို ဓားဖြင့်ထိုးခဲ့သောကြောင့် ဒါကာ ဆေးကောလိပ်ဆေးရုံတွင် စိုးရိမ်ရသည့် အနေအထားဖြင့် တက်ရောက်အကုသခံနေရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

စာရေးဆရာများဖြစ်ကြသည့် ရာနာဒိ ဘဆူး (၅၀နှစ်)နှင့် တာရဲကွီ ရာဟင် (၃၀နှစ်)တို့ နှစ်ဦးကို ထိခိုက်ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရသည်ဟု ဆိုသည်။   

စနေနေ့က တိုက်ခိုက်မှုအတွက် မည်သည့်အုပ်စုကမျှ ၎င်းတို့၏ လက်ချက်ပါဟု ကြေညာလာခြင်းမရှိသေးပေ။ ဘင်္ဂလားဒေ့ရှ် စစ်သွေးကြွအုပ်စု အန်ဆာရူလာ ဘန်ဂလာ အဖွဲ့ကမူ ရွိုင်းအား လုပ်ကြံသတ်ဖြတ်မှုနှင့် နောက်ဆက်တွဲ အစ္စလာန် အခြေခံဝါဒကို မေးခွန်းထုတ်သူများကို တိုက်ခိုက်မှုများ၏ နေုာက်ကွယ်တွင် ၎င်းတို့ရှိနေကြောင်း ပြောကြားခဲ့သည်။

အတ္တလန္တာနေအိမ်မှာ အလည်အပတ်ပြန်လာချိန်တွင် အသတ်ခံရသည့် ရွိုင်းမှာ ရှပ်ဒိုဆွာပုံနှိပ်တိုက်ကို ကြီးကြပ်နေသည့် တူတူ၏ သူငယ်ချင်းတစ်ယောက်ပင်ဖြစ်သည်။ ရွိုင်းအသတ်ခံရပြီးနောက် တစ်ဆက်တည်းမှာပင် လူမှုကွန်ရက် ဖေ့စ်ဘုတ် (Facebook)ပေါ်တွင် အခြိမ်းခြောက်ခံရသောကြောင့် တူတူက ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။

ယခုနှစ်ထဲတွင်တွင် အခြား ဘာသာရေးကိုဝေဖန်သည့် စာရေးဆရာနှစ်ဦးဖြစ်သော ဝါဆီကွာ ရာမန် ဘဘူနှင့် အနန်တာ ဘီဂျွိုင်း ဒက်စ်တို့နှစ်ဦးမှာလည်း သီးခြားတိုက်ခိုက်မှုများအတွင်း သေဆုးခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly