COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ထိုင်းရောက် မြန်မာလုပ်သားနှစ်ဦးနှင့် နောက်ဆက်တွဲ

COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ထိုင်းရောက် မြန်မာလုပ်သားနှစ်ဦးနှင့် နောက်ဆက်တွဲ

မတ်လ ၂၁။            ။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ကြောင်း ထိုင်းကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

တစ်ဦးမှာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဘန်ကောက်မြို့လယ်ရှိ ဖျော်ဖြေရေးလုပ်ငန်းတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ သူ့ကို လက်ရှိအချိန်တွင် ဘန်ကောက်ကျန်းမာရေးစင်တာတွင် ဆေးကု သနေသည်။

အခြားတစ်ယောက်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူသည်လည်း လူထူထပ်ရာနေရာဖြစ်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေမြင့်မားသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူဖြစ်သည်။

သူတို့နှစ်ဦးလုံး၏ လုပ်ငန်းခွင်မှာ ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေမြင့်များသည့်ဌာနများဖြစ်ကြသောကြောင့် ဆေးစစ်ရန် ထိုင်းအာဏာပိုင်များက တိုက်တွန်းမှုပြုခဲ့သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနလက်အောက် ကျန်းမာ ရေးနှင့် HIV ရေးရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအရာရွိ မစ္စတာ Surasak Thanaisawanyangkoonက မဇ္ဈိမသို့ ပြောသည်။

သူတို့နှစ်ဦးလုံး ထိုင်းနိုင်ငံသို့ ရောက်ရှိနေခဲ့သောကာလနှင့် ဆေးစစ်မှုမပြုခင်က မြန်မာနိုင်ငံသို့ ပြန်ခဲ့ဖူးခြင်း ရှိ၊ မရှိကို ထိုင်းအာဏာပိုင်များ မသိရသေးဟု ဆိုသည်။ သို့သော် သူတို့၏ ဆွေမျိုးမိတ်ဆွေများကို ဆက်သွယ် အသိပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ စနေနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူသစ် ၈၉ ဦးရှိပြီး တစ်နေ့အတွင်း အမြင့်ဆုံးကူးစက်မှုဖြစ်ခဲ့သည်။ ယခုဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်လူနာပေါင်း ၄၁၁ ဦး ရှိသွား ပြီဖြစ်သည်။

အသစ်တွေ့ရှိသောလူနာများမှာ လက်ဝှေ့ပွဲများ၊ ဖျော်ဖြေရေးဌာနများနှင့်  အိမ်နီးချင်း မလေးရှားရှိ ဘာသာရေးအခမ်းအနားများများနှင့် ဆက်စပ်နေခဲ့ သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Taweesin Wisanuyothin ကို ဘန်ကောက်စ်ပို့စ်သတင်းစာက ကိုးကားဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအပြင် အခြားသူများလည်း ရှိနိုင်သေးသည်ဟု ထိုင်းအာဏာပိုင်များက သံသယဖြစ်နေသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံသားလူနာများကို စိစစ်၍ရသော်လည်း ထိုင်းနိုင်ငံသားမဟုတ်သော လူနာအချို့လည်းရှိပြီး အထောက်အထားမရှိ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်သည်။ ကန့်သတ်အခြေအနေတွင် ထားရှိသော လူနာများကို နိုင်ငံသားစိစစ်မှု မလုပ်နိုင်သေးဘဲ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly