ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက်ပိုင်း အမေရိကန်စတော့စျေးကွက် တန်ဖိုးတက်ထားခဲ့သမျှအားလုံးနီးပါး COVID -19 ကြောင့် ပြန်လည် ပျောက်ပျက်

ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက်ပိုင်း အမေရိကန်စတော့စျေးကွက် တန်ဖိုးတက်ထားခဲ့သမျှအားလုံးနီးပါး COVID -19 ကြောင့် ပြန်လည် ပျောက်ပျက်

မတ်လ ၂၀။           ။ အမေရိကန်စတော့ရှယ်ယာစျေးကွက် အညွန်းကိန်း (Dow Jones Industrial Average) သည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်က နောက်ထပ်တဖန် တစ်ဟုန်ထိုး ကျဆင်းပြီး ပိတ်သိမ်းသွားခဲ့ရာ သမ္မတ ဒေါ်နယ်ထရမ့်၏ စောင့်ကြည့်မှုအောက် သုံးနှစ်တာ တန်ဖိုးတက်ထားခဲ့သမျှအားလုံးနီးပါး ပျောက်ပျက်သွားစေခဲ့ကြောင်း သိရသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇,၃၂၃ ဦး၊ သေဆုံးသူ ၅၅ ဦး ရှိကြောင်း Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ခဲ့ပြီး နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဖြစ်နေစဉ်အတွင်း Dow Jones အညွန်းကိန်း သည် ယင်းနေ့က ၁,၃၃၃ မှတ်အထိ ကျသွားခဲ့သည်။

သမ္မတ ထရမ့်နှင့် ၎င်း၏ အများပြည်သူရေးရာ ကျန်းမာရေးအဖွဲ့တို့က အိမ်ဖြူတော်၌ သတင်းထောက်များကို ရှင်းလင်းပြောဆိုမှု လုပ်ဆောင်ခဲ့ချိန် မွန်းတည့်ဝန်းကျင်တွင် Dow Jones အညွန်းကိန်းသည် ၂၀၀ မှတ်ကျော် ကျခဲ့သည်။

ဗိုင်းရပ်စ် တုန့်ပြန်တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး သမ္မတထရမ့်၏ အများပြည်သူထံ သတင်းစကားပေးမှုနှင့် မူဝါဒရေးရာ လုပ်ဆောင်ချက်များက ပိုမို လေးနက်ပြင်းထန်လာခဲ့ချိန် အထက်ပါ ကျဆင်းမှုက မစ္စတာထရမ့် အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။

Dow Jones အညွန်းကိန်းသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မစ္စတာထရမ့် သမ္မတအဖြစ် ကျမ်းကျိန်ခဲ့သည့်နေ့ မနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည့် ၁၉,၇၉၅ မှတ် လယ်ဗယ်အောက်အထိ ကျဆင်းသွားခဲ့ပြီးနောက် ၁၉,၉၀၃ မှတ်ဖြင့် ပိတ်သိမ်းသွားခဲ့သည်။

စျေးကွက်များ ပိတ်သိမ်းပြီးနောက် များမကြာမီ ဒုတိယမြောက် အရေးပေါ် ဗိုင်းရပ်စ် ကုစားရေး ရန်ပုံငွေ အစီအစဉ်တစ်ခုကို ဆိနိတ်က အတည်ပြုခဲ့ပြီး ဖြစ်ကာ ယင်းကို မကြာမီ သမ္မတထရမ့်ကလည်း အတည်ပြုလက် မှတ်ထိုးဖွယ် ရှိနေသည်။

လက်ရှိအချိန်တွင် ဒေါ်လာ ၁ ထရီလီယံနား ကပ်သွားနိုင်သည့် စီးပွားရေးလှုံ့ဆော်အားပေးမှု အသုံးစရိတ် အစီအစဉ်တစ်ရပ်နှင့်ပတ်သက်၍လည်း အိမ်ဖြူတော်တာဝန်ရှိသူများနှင့် ဥပဒေပြုအမတ်များ ဝိုင်းဝန်းလုပ်ဆောင် နေလျက် ရှိသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် အဆိုပါ လုပ်ဆောင်မှုကို အချိန်ဆွဲမနေဘဲ မြန်မြန် လုပ်သွားသင့်ကြောင်း ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း သတိပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly