မိုင်ယာမီ ဂေးပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ကို စစ်ဆေးတွေ့ရှိ

မိုင်ယာမီ ဂေးပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ကို စစ်ဆေးတွေ့ရှိ

မတ် ၁၈။                ။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် ကမ္ဘာတဝန်း ဆက်လက် ကူးစက်ပျံ့နှံ့လျက် ရှိပြီး လူတို့၏ နေထိုင်လှုပ်ရှားမှုများအပေါ် နှောင့်ယှက်ခြိမ်းခြောက်လျက် ရှိစဉ် အမေရိကန်နိုင်ငံ မိုင်ယာမီမြို့တွင် ကျင်းပခဲ့သည့် ပွဲလမ်းသဘင်တစ်ခုသည်လည်း အဆိုပါ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့် ပက်ပင်းတွေ့ကြုံခဲ့ရကြောင်း သိရသည်။

Winter Party Festival ဟု သိကြသော အဆိုပါ ဂေးပွဲတော်သည်   မိုင်ယာမီမြို့တွင် နှစ်စဉ် ကျင်းပနေကျ LGBTQ ပွဲတော်တစ်ခု ဖြစ်ပြီး ယခုလအစောပိုင်းက ယင်းပွဲတော်ကို စတင်ကျင်းပခဲ့ရာတွင် နိုင်ငံတဝန်း လူထောင် ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

အဆိုပါ ဂေးပွဲတော်သည် မတ်လ ၁၀ ရက် ပြီးဆုံးခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်ခန့် အကြာတွင် အဆိုပါ ပွဲတော်သို့ တက်ရောက်ခဲ့သူများအနက် တချို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည် ဟု ပွဲတော်စီစဉ်သူများထံမှ သိရသည်။

“ ဒီ ပွဲတော် မကျင်းပခင်နဲ့ ကျင်းပပြီးနောက်ပိုင်း သူတို့တွေ ဒီဗိုင်းရပ်စ်နဲ့ ထိတွေ့ကူးစက်မိနိုင်တဲ့ နေရာတွေ အများကြီး ရှိနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဘက်ကတော့ ခုလို သူတို့ တွေ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတဲ့ ကိစ္စကို အများပြည်သူ သိရအောင်လို့ အမြန်ဆုံး အသိပေးချင်ခဲ့တာဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီအခမ်းအနားမှာ ပါဝင်တက်ရောက်ခဲ့သူတွေအားလုံးရဲ့ ကျန်းမာရေးနဲ့ ဘေးကင်း ရေးက ကျွန်တော်တို့အတွက် အရေးအကြီးဆုံးကိစ္စဖြစ်ပါတယ်” ဟု အဆိုပါ ပွဲတော်ကို စီစဉ်ခဲ့သည့် National LGBTQ Task Force ၏ အမှုဆောင်ဒါရိုက်တာ Rea Carey က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်က စတင်ခဲ့သည့် အဆိုပါ ဂေးပွဲတော်သည် သီတင်းတစ်ပတ်တာအတွင်း တက်ရောက်သူ ၁၀,၀၀၀ အထိ ရှိခဲ့သည်ဟု သိရသည်။ ယင်းပွဲတော်သည် နိုင်ငံတွင် ပွဲလမ်းသဘင်အခမ်းအနားများ ဖျက် သိမ်းခြင်း ကာလထက် အရင်စောခဲ့သည်ဟု သိရသည်။

ပွဲစီစဉ်သူများသည် ပွဲတော်အတွင်း ကြိုတင်ကာကွယ်မှု အစီအမံများလည်း လုပ်ခဲ့သည်ဟု သိရပြီး တက်ရောက်လာသူများကို လက်သန့်ဆေးရည်ဗူး ၁၀,၀၀၀ ဝေပေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး သတင်းအချက် အလက်များ ဖြန့်ဝေခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ပွဲတော်ကျင်းပစဉ် ကာလအတွင်း ဗိုင်းရပ်စ်သည် တက်ရောက်လာသူများထဲတွင် ရှိနေခဲ့သည်လား ဆိုသည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရပေ။ ထို့ပြင် အဆိုပါ ပွဲကျင်းပစဉ်အချိန်က မည်သူတစ်ဦးတစ်ယောက်မှ ဗိုင်းရပ်စ် လက္ခဏာရပ်များ ဖြစ်ပေါ်ခဲ့ခြင်းမရှိဟု သိရသည်။ သို့သော် ဗိုင်းရပ်စ်လက္ခဏာရပ်များ မပေါ်ပေါက်မီမှာပင် ဗိုင်းရပ်စ်သည် ပျံ့နှံ့ကူးစက်နိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက သတိပေးထားသည်။

ယခု ဖြစ်စဉ်တွင် အဆိုပါ ပွဲတော်တွင် တက်ရောက်ခဲ့သူများအနက် လူမည်မျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသလဲ ဆိုသည်ကိုလည်း National LGBTQ Task Force က အတည်ပြုခဲ့ခြင်းမရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly