Covid 19 နှင့် ပတ်သက်ပြီး နိုင်ငံအပေါ်ကျရောက်လာနိုင်သည့် အန္တရာယ်များကိုကာကွယ်ရန် ကာလုံက တာဝန်ယူဆောင်ရွက်ရန် နိုင်ငံရေးပါတီ ၁၅ပါတီ တိုက်တွန်း

Covid 19 နှင့် ပတ်သက်ပြီး နိုင်ငံအပေါ်ကျရောက်လာနိုင်သည့် အန္တရာယ်များကိုကာကွယ်ရန် ကာလုံက တာဝန်ယူဆောင်ရွက်ရန် နိုင်ငံရေးပါတီ ၁၅ပါတီ တိုက်တွန်း

မတ်လ ၁၆။             ။ Covid 19 နှင့် ပတ်သက်ပြီး နိုင်ငံအပေါ်ကျရောက်လာနိုင်သည့် အန္တရာယ်များကိုကာကွယ်ရန်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တာဝန်ယူဆောင်ရွက်ရန် နိုင်ငံရေးပါတီ ၁၅ပါတီ တိုက်တွန်းသည့် ကြေညာချက်ကိုမတ်လ ၁၅ရက်နေ့က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အပေါ် ကျရောက်လာနိုင်ဖွယ်ရှိသည့် ဘေးဥပဒ်အန္တရာယ်နှင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေးအပါအဝင် ကိစ္စအရပ်ရပ်အားထိရောက်စွာကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တာဝန်ယူကွပ်ကဲ ဆောင်ရွက်ပါရန် တိုက်တွန်းကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ထုတ်ပြန်ရသည့် အကြောင်းနှင့် ပတ်သက်၍တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထွန်းရီက “ ပထမအချက်ကတော့ covid 19 က တစ်မျိုးသားလုံး နဲ့ပတ် သက်တဲ့ ကိစ္စဖြစ်တော့ တစ်မျိုးသားလုံးကိုပါ ပညာပေးပြီးတော့ အတူတကွလုပ်ဖို့လိုတယ်ဆိုတဲ့ကောက်ချက်ပါ။ ပြီးတဲ့အခါ ဘာပဲပြောပြောပါတီအဖွဲ့အစည်းဆိုတာ ပြည်သူကိုကိုယ်စားပြုပြီးဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ဖြစ် တဲ့ အခါကျတော့ ဒီလို အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေဆောင်ရွက်တဲ့ အခါမှာပူးပေါင်းဆောင်ရွက်ဖို့ ပါတီတွေကနမူနာပြကျင့်သုံးဖို့ ပြည်သူတွေကပါ ကျင့်သုံးဖို့ လိုက်နာကျင့်သုံးအောင် ဖော်ဆောင်သွားဖို့ ပါ။” ဟုပြောသည်။

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ အန္တရာယ်ကိုကာကွယ်ရန်အတွက် နိုင်ငံတော်အစိုးရကလိုအပ်သည့် အစီအမံများချမှတ်ဆောင်ရွက်နေသည်ကို ကြိုဆိုကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ဘေးဥပဒ် စီမံခန့်ခွဲရေးမဟာဗျူဟာတစ်ရပ် ရေးဆွဲဆောင်ရွက်ရန်နှင့် လတ်တလော ကြုံတွေ့နေရသော ပြိုကွဲသွားနိုင်သည့် ဈေးကွက်များအား ပြန်လည်တည့်မတ် ကူညီပံပိုးပေးရန်နှင့် ပြည်သူလူထုခံစားနေရသည့် စီးပွားရေးကျပ်တည်းမှုများအားဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများကတိုက်တွန်းထားသည်။

“နောက်တစ်ခုကဟိုနေ့ကကိုဆွေးနွေးပါတယ်။ ကိုဗစ်နဲ့ ကာလုံနဲ့ ဘာဆိုင်လဲလို့ ယေဘူယျအားဖြင့် မေးစရာရှိပါတယ်။ အဲဒီတော့ အန်ကယ်တို့ ဟိုမှာအကျေအလည် ဆွေးနွေးခဲ့ကြတဲ့ အခါကျတော့ ကိုဗစ်ကကျန်းမာရေး တစ်ခုထဲခံစားရတဲ့ အလုပ်တစ်ခုတည်းမဟုတ်ပါဘူး။ ကိုဗစ်ကိုအကြောင်းပြုပြီး  စားဝတ်နေရေးအခက်အခဲပြဿနာတွေ၊ အထည်ချုပ်စက်ရုံအလုပ်သမားတွေ ကအစစီးပွားရေးပါ ထိခိုက်လာနိုင်တဲ့ အနေအထားရှိတဲ့ အတွက် ဒီဥစ္စာကအမျိုးသားလုံခြုံရေးလို့ယူဆတယ်။” ဟုဦးထွန်းရီကဆိုသည်။

အမျိုးသားလုံခြုံရေးသည် စစ်တိုက်မှ လုံခြုံရေးဟုပြော၍မရဘဲလက်ရှိအခြေအနေသည်လည်း နိုင်ငံ၏အရေးပေါ်အခြေအနေဖြစ်ကြောင်းဦးထွန်းရီကဆိုသည်။

“အမျိုးသားလုံခြုံရေးဆိုတာကစစ်တိုက်မှ လုံခြုံရေးလို့ ပြောလို့မရဘူး။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လုံခြုံမှု၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ လုံခြုံမှု လူမှုရေးနဲ့ ပတ်သက်တဲ့ လုံခြုံမှု အားလုံးကိုအန်ကယ်တို့ကအားလုံးကိုလုံခြုံမှုလို့ သဘောထားတဲ့အခါကျတော့ ဘာပဲပြောပြောကာလုံအဖွဲ့အစည်းဆိုတာ နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်နေတဲ့အခါကျတော့ သမ္မတအပါအဝင် တာဝန်ရှိတဲ့ လုပ်ငန်းစုအများအပြားကိုကိုယ်စားပြုနေတဲ့ အနေအ ထားဖြစ်တဲ့ အတွက် ဒီပြဿနာဟာတစ်မျိုးသားလုံးရဲ့ပြဿနာတစ်နိုင်ငံလုံးရဲ့ ပြဿနာဖြစ်တဲ့အတွက် တစ်မျိုးသားလုံးတစ်နိုင်ငံလုံးရဲ့ပြဿနာကိုတစ်ထိုင်တည်းနဲ့ လုပ်ဆောင် နိုင်မယ်ရှင်းနိုင်မယ်။ ဒါကြောင့် ကြေညာ ချက်ထုတ်လိုက်တဲ့သဘောပါ။” ဟုဦးထွန်းရီကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်ကလည်းCovid 19 နှင့် ပတ်သက်ပြီး ဖြစ်လာသည့် ပြဿနာများသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ် ယူခြင်းနှင့် မသက်ဆိုင်ကြောင်းပြောသည်။

“ကိုရိုနာဗိုင်းရပ်နဲ့ ကာလုံခေါ်ဖို့ဆိုတာဘာမှ မဆိုင်ဘူး။ ကျားကျားမီးယပ်တွေလျှောက်လုပ်မနေပါနဲ့ လို့ပဲပြောချင်ပါတယ်။ တစ်ခါလာလည်းကာလုံခေါ်ဖို့ တစ်ခါလာလည်းကာလုံ ခေါ်ဖို့ပြောတာ တွေကမဆိုင် ဘူးလို့ပြောချင် ပါတယ်။ကာလုံမခေါ်ဘဲတပ်မတော်တင်မကပါဘူး။ အခုလက်မှတ်ထိုးပြီးထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ ၁၅ပါတီ အနေနဲ့လည်းအခုနိုင်ငံတော်အစိုးရကလုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကော်မတီ ကိုလူအားငွေအား တွေပေးပါလို့ပြောချင်ပါတယ်။ ကျားကျားမီးယပ်လုပ်မနေပါနဲ့လို့။” ဟုမုံရွာဦးအောင်ရှင်ကဆိုသည်။

မတ်လ ၁၅ရက်က နိုင်ငံရေးပါတီ ၁၅ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင်Covid 19 ကပ်ရောဂါကျရောက်မှုကိုအမျိုးသားရေးအန္တရာယ်အဖြစ်မြင်၍ နိုင်ငံရေးပါတီများက ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကာအစိုးရထုတ်ပြန်ချက်များကိုလည်း ပြည်သူလူထုနှင့် အစိုးရအဖွဲ့များကလိုက်နာကြရန်တိုက်တွန်းဖော်ပြထားသည်။

အဆိုပါ နိုင်ငံရေးပါတီ ၁၅ပါတီ တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၊အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် အမျိုးသားတိုးတက်ရေးပါ တီတို့ လည်း ပါဝင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly