တရုတ်ရောက် တရားမဝင် မြန်မာအလုပ်သမား ၇၅ဦး နေရပ်သို့ ဒီကနေ့ ပြန်ပို့မည်

တရုတ်ရောက် တရားမဝင် မြန်မာအလုပ်သမား ၇၅ဦး နေရပ်သို့ ဒီကနေ့ ပြန်ပို့မည်
Photo - EPA

ရန်ကုန်၊ မတ် ၁၆။            ။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် တရားမဝင် မြန်မာအလုပ်သမား ၇၅ဦးအား နေရပ်ပြန်ပို့ရန်အတွက် ဒီကနေ့တွင် တရုတ်နိုင်ငံမှ ကားဖြင့်ထွက်ခွာမည်ဖြစ်ကြောင်း ဘေကျင်းမြို့ အခြေစိုက် မြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဘေကျင်းမြို့ အခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက "ဒီနေ့ပို့မှာပါ။ သူတို့ကတော့ ကားနဲ့ဖြစ်တဲ့အတွက်  ၂ရက် ၃ရက်လောက် လမ်းမှာ ကြာပါမယ်။ ထွက်ချိန်တော့ ကျွန်တော်တို့မရသေးပါဘူး။ ရဲနဲ့အဆက်အသွယ်ရတာက ဒီနေ့သူတို့ ၇၅ယောက် ပို့ပါမယ်။ ထွက်တဲ့အချိန်သူတို့လှမ်းသတင်းပို့ပါမယ်လို့ ပြောပါတယ်"ဟု ဆိုသည်။

ထို ၇၅ဦးသည် တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ်ရှိ ရုန်းချောင်မြို့ကဖြစ်ကာ တရုတ်နိုင်ငံသို့ ပတ်စပို့၊ ဗီဇာဖြင့် လာရောက်ခြင်းမဟုတ်ကာ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်ဖြင့် တရားမဝင်လာရောက်၍ အလုပ်လုပ်ကြခြင်းဖြစ်သည်။
၎င်းတို့သည် တရုတ်နိုင်ငံရှိ ပင်လယ်စာထုတ်လုပ်သည့် စက်ရုံများတွင် အလုပ်လုပ်ကိုင်သူများဖြစ်ပြီး ပြန်လာမည့်သူများတွင် အမျိုးသမီးအများစုဖြစ်သည်ဟု သံရုံးမှ သိရသည်။

ထို ၇၅ဦးသည် ကျန်းမာရေးစစ်ဆေးထားကာ အကုန်လုံး ကျန်းမာရေးကောင်းမွန်သည့်အတွက် ယခုကဲ့သို့ ပြန်ပို့ပေးခြင်းဖြစ်သည်ဟု သံရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဘေကျင်းမြို့ အခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက "တရုတ်ဘက်မှာ ပုံမှန်ဆိုရင်တော့ ရောဂါမဖြစ်တဲ့အချိန်မှာတော့ သူတို့ဖမ်းတယ်ပေါ့နော်။ ဖမ်းပြီးတော့ မြန်မာနိုင်ငံသားစစ်ခိုင်းတယ်။ စစ်ခိုင်းပြီးတော့ ပြန်ပို့ တာပေါ့။ အရေးယူတာတော့မရှိပါဘူး။ သံရုံးကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော သက်ဆိုင်ရာဌာနတွေကိုရော တောင်းဆိုထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုပဲ  ပြန်ပို့ပေးဖို့ကို မေတ္တာရပ်ခံ ထားပြီဖြစ် တဲ့အတွက် အခုကာလကတော့ မဖမ်းပါဘူး။ မဖမ်းပဲ ပြန်ပို့နေပါတယ်" ဟု ပြောသည်။

တရုတ်ရောက် တရားမဝင်မြန်မာအလုပ်သမားများထဲမှ ၁၆၇ဦးအား ယခုရက်ပိုင်းအတွင်း နေရပ်ပြန်ပို့နိုင်ရန်အတွက် မှန်းထားကြောင်း မြန်မာသံရုံးက သိရသည်။

မြန်မာသံရုံးကို နေရပ်ပြန်လိုကြောင်း ဆက်သွယ်ထားသည့် တရားမဝင်မြန်မာအလုပ်သမား ၁၅၀၀ကျော်ရှိကာ ၂၅၆ဦးအား နေရပ်ပြန်ပို့ထားပြီးဖြစ်သည်။

ဘေကျင်းမြို့မှ မြန်မာအလုပ်သမား ၃၉ဦးအား လေကြောင်းလိုင်းနှင့် မတ်လ ၂၅ရက်နေ့တွင် နေရပ်ပြန်ပို့ရန် စီစဉ်နေကာ အကယ်၍ လေကြောင်းလိုင်းသည် အကြောင်းတစ်စုံတစ်ရာကြောင့် ဖျက်သိမ်းသွားပါက ဧပြီ ၁ရက် နေ့မှ ပို့နိုင်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required