ရော်နယ်ဒင်ဟိုကို ထောင်ထဲကနေ ကယ်ထုတ်ဖို့ ပိုက်ဆံတွေ ပုံပေးမယ့် မက်ဆီ

ရော်နယ်ဒင်ဟိုကို ထောင်ထဲကနေ ကယ်ထုတ်ဖို့ ပိုက်ဆံတွေ ပုံပေးမယ့် မက်ဆီ
Photo: EPA

ဒီသတင်းကတော့ foxsportsasia ကနေ ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ဖော်ပြတာပါ။ ရော်နယ်ဒင်ဟို တစ်ယောက် ဘာစီလိုနာအသင်းမှာရှိစဉ်တုန်းက တွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး မက်ဆီ တစ်ယောက် ပါရာဂွေးမှာထောင်ကျနေတဲ့ ရော်နယ်ဒင်ဟို ကို ကယ်ထုတ်ဖို့ ပိုက်ဆံတွေ သန်းနဲ့ချီပြီး သုံးဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။

ပတ်စ်ပို့အတု ပြုလုပ်ခဲ့မှုနဲ့ ပါရာဂွေးနိုင်ငံထဲက အကျဉ်းထောင်တစ်ခုမှာ ထောင်ဒဏ်ကျခံနေရတဲ့ ရော်နယ်ဒင်ဟို အတွက် အကောင်းဆုံး ရှေ့နေအဖွဲ့ကိုခေါ်ပေးဖို့ မက်ဆီက စီစဉ်နေပြီဖြစ်ပြီး အဲဒီအတွက် ပေါင်(၄)သန်းလောက် အကုန်အကျခံရဖို့ရှိနေတာပါ။

ဘာစီလိုနာအသင်းမှာ မက်ဆီကို အလွှမ်းမိုးနိုင်ဆုံး ကစားသမားက ရော်နယ်ဒင်ဟို ပဲ ဖြစ်ခဲ့ပြီး ဇာဗီ၊ အင်နီယေစတာ တို့တောင် မက်ဆီ ကို သြဇာမလွှမ်းနိုင်ခဲ့ပါဘူး။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌထက် ရော်နယ်ဒင်ဟိုရဲ့ စကားကိုပဲ မက်ဆီက ပိုနားထောင်တယ်လို့ ပရိသတ်တွေအကြား ပြောစကားတွေတောင် ရှိခဲ့တဲ့အထိ မက်ဆီက ရော်နယ်ဒင်ဟို ကို လေးစားခဲ့တာပါ။

ပါရာဂွေးနိုင်ငံထဲက ကာစီနိုပိုင်ရှင်တစ်ယောက်ရဲ့ ဖိတ်ကြားမှုအရ ပရိုမိုးရှင်းပွဲတစ်ခုကို လာရောက်ခဲ့တဲ့ ရော်နယ်ဒင်ဟို ဟာ ပါရာဂွေးနိုင်ငံထဲကို ပတ်စ်ပို့အတု ကိုင်ဆောင်ကာ ဝင်ရောက်ခဲ့တာကို အာဏာပိုင်တွေက သိသွားခဲ့တာပါ။ သူတို့က ရော်နယ်ဒင်ဟို တည်းခိုနေရာ အကောင်းစားဟိုတယ်ထဲအထိရောက်လာခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ ရော်နယ်ဒင်ဟို တစ်ယောက် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေအရတော့ ရော်နယ်ဒင်ဟို ဟာ တစ်စုံတစ်ယောက်ရဲ့ ထောင်ချောက်ဆင်ခြင်းကို ခံလိုက်ရတာဖြစ်ပြီး တစ်စုံတစ်ယောက်ရဲ့ သတင်းပေးမှုကြောင့်သာ ဒီလို သိသွားခဲ့တာလို့ ဆိုနေကြပါတယ်။

ဒါပေမယ့် သူ့ရဲ့အမှုက အာမခံ မရတဲ့အပြင် ပတ်စ်ပို့အတုသုံးခဲ့ကြောင်း ထင်ရှားနေလို့ လက်ရှိအချိန်မှာ ထောင်ဒဏ်ကျခံနေရပါပြီ။

ဒီအခြေအနေမှာ ရော်နယ်ဒင်ဟိုရဲ့ အသင်းဖော်ဟောင်း မက်ဆီက သူ့ရဲ့ရှေ့နေအဖွဲ့ကိုခေါ်ယူခဲ့တာဖြစ်ပြီး ရှေ့နေလေးယောက်ပါဝင်တဲ့အဖွဲ့အတွက် အနည်းဆုံး ပေါင်(၄)သန်း လောက် အကုန်အကျခံဖို့ စီစဉ်ခဲ့တာပါ။

လက်ရှိမှာ ရော်နယ်ဒင်ဟိုရဲ့ ရှေ့နေအဖွဲ့ထဲက တစ်ဦးဖြစ်တဲ့ အဒိုဖို မာရင် ကရော်နယ်ဒင်ဟို ဟာ တော်တော်လေးကို တုံးအခဲ့တာဖြစ်ကြောင်းနဲ့ အခုလို ပတ်စ်ပို့အတုနဲ့ ခရီးသွားခဲ့မယ်ဆိုရင် အဖမ်းခံရမယ်ဆိုတာကို နားမလည်ခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။

ရော်နယ်ဒင်ဟို ရဲ့ သတင်းကို တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေနဲ့အတူ လုပ်ဖော်ကိုင်ဖက် ဘောလုံးသမားတွေကလည်း စိတ်ဝင်စားနေကြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဘရာဇီးနိုင်ငံရဲ့ သမ္မတ ဘိုလ်ဆိုနာရို ကိုယ်တိုင်က ရော်နယ်ဒင်ဟို ကို လွတ်မြောက်အောင် ကြိုးစားပေးနေတယ်လို့ သိရပြီး သူ့ရဲ့ဇာတိမြေဆီ ပြန်လည်ခေါ်ယူပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

တစ်ချိန်တုန်းက အအောင်မြင်ဆုံးဘောလုံးသမားတစ်ယောက် ဖြစ်ခဲ့ပြီး ဘောလုံးရဲ့မှော်ဆရာတစ်ယောက် ဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ အနိမ့်အမြင့်အတက်အကျပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး မျိုးစုံလှတဲ့ ဘဝ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

နောက်ဆုံးရသတင်းတွေမှာတော့ ရော်နယ်ဒင်ဟို ဟာ ပါရာဂွေးအကျဉ်းထောင်ထဲက ဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး သူပါဝင်ခဲ့တဲ့အသင်းဟာ ပြိုင်ဖက်အသင်းကို (၁၁-၂)ဂိုးနဲ့ နိုင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ရော်နယ်ဒင်ဟိုက (၅)ဂိုးသွင်းခဲ့ပြီး (၆)ဂိုးဖန်တီးပေးခဲ့တာပါ။ အဲဒီ နိုင်ပွဲအတွက် ဆုအဖြစ် ဝက်တစ်ကောင်တောင် ရသွားခဲ့ပါသေးတယ်တဲ့။

ရောက်ရာနေရာမှာ ပျော်အောင်နေတတ်ပြီး ဒုက္ခတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဒင်ဟို တစ်ယောက် အခုလည်း ဘရာဇီးသမ္မတ ၊ မက်ဆီ တို့ရဲ့ အကူအညီနဲ့ ထောင်ထဲကနေ ပြန်ထွက်လာနိုင်မလား…ဒါမှမဟုတ် ပါရာဂွေးနိုင်ငံရဲ့ အကျဉ်းထောင်ထဲမှာပဲ သူ့ရဲ့နှစ်အနည်းငယ်ကို ကုန်ဆုံးရမလားဆိုတာကတော့…..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly