ဝူဟန်တွင် ကျန်နေခဲ့သည့် မြန်မာကျောင်းသားနှစ်ဦး မြန်မာနိုင်ငံသို့ ပြန်ရောက်

ဝူဟန်တွင် ကျန်နေခဲ့သည့် မြန်မာကျောင်းသားနှစ်ဦး မြန်မာနိုင်ငံသို့ ပြန်ရောက်
ပုံ - Ministry of Foreign Affairs Myanmar

ရန်ကုန်၊ မတ် ၁၄။            ။ COVID-19 ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့တွင် ပညာသင်ရောက်ရှိနေသော မြန်မာကျောင်းသား ၆၃ ဦးအနက် ဝူဟန်မြို့တွင် ကျန်ရှိနေခဲ့သော မြန်မာကျောင်းသားနှစ်ဦးသည် မတ်လ ၁၄ ရက် မနက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဝူဟန်မြို့တွင် ပညာသင်ရောက်ရှိနေသော မြန်မာကျောင်းသား ၆၃ ဦးကို မြန်မာအစိုးရက အထူးလေယာဉ်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့က သွားရောက်ခဲ့ဆောင်ခဲ့ရာ အဆိုပါ ကျောင်းသား၊ ကျောင်းသူနှစ်ဦးသည် ကိုယ်အပူချိန် အနည်းငယ်မြင့်တက်နေသောကြောင့် လိုက်ပါခွင့်မရဘဲ ကျန်နေခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရက အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ရာတွင် ကျန်နေခဲ့သော မြန်မာကျောင်းသားနှစ်ဦးသည် အိန္ဒိယနိုင်ငံအစိုးရမှ တရုတ်နိုင်ငံသို့ ဆေးပစ္စည်းသွားရောက်ပေးပို့သော လေယာဉ်နှင့်အတူ  ပြန်လိုက်ခွင့် ရရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ရောက်ရှိခဲ့သည်။

COVID-19 ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့မှ လိုက်ပါလာသည့် အဆိုပါမြန်မာကျောင်းသား ၂ ဦးကို အိန္ဒိယနိုင်ငံမှ ၁၄ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုပြုလုပ်ခဲ့ပြီးနောက် COVID-19 ရောဂါမရှိသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၄ ရက် မနက်သတင်းများအရ COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူပေါင်း ၁၄၅၃၆၉ ဦးနှင့် သေဆုံးသူ ၅၄၂၉ ဦးရှိနေပြီး WHO ကလည်း ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့သည်။

လက်ရှိအချိန်အထိ COVID-19 ရောဂါအတည်ပြုလူနာမရှိသေးသည့် မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၃ဝ ရက်က ဖွဲ့စည်းခဲ့သော COVID-19 ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားအဆင့်ကော်မတီအဖြစ် မတ်လ ၁၃ ရက်နေ့တွင် တိုးမြှင့်ဖွဲ့စည်းလိုက်သကဲ့သို့ လူစုလူဝေးပွဲအခမ်းအနားနှင့် သင်္ကြန်မဏ္ဍပ်ကြီးများကို ဧပြီလ ကုန်အထိ မပြုလုပ်ကြရန် အစိုးရက ထုတ်ပြန်လိုက်ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly