မတ်လ ၁၃။ ။ ကနေဒါ ဝန်ကြီးချုပ်ရဲ့ ဇနီးဖြစ်သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့ နှောင်းပိုင်းမှာ ကြေညာပါတယ်။
ဝန်ကြီးချုပ်ဖြစ်သူ ဂျက်စတင်းထရူဒိုက ကျန်းမာရေး ကောင်းမွန်စွာ ရှိကြောင်း ပြည်သူထံ အသိပေးထုတ်ပြန်ရာမှာ ဝန်ကြီးချုပ်ကတော်ဖြစ်သူ ဆိုဖီဂရီဂေါရီထရူဒိုမှာ ကိုရိုနာကူးစက်ခံရကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါ တယ်။
ပြည်သူနဲ့ တွေ့ဆုံမှုတစ်ရပ်အပြီးမှာ ဆိုဖီကို ကိုရိုနာကူးစက်ခံရတာ ရှိမရှိ စမ်းသပ်နေဆဲ အချိန်မှာ ဝန်ကြီးချုပ် ထရူဒိုနဲ့ အသက် ၄၄ နှစ်အရွယ် ဆိုဖီတို့ဟာ ၎င်းတို့က သီးခြားစီ ကိုယ်တိုင်ရောဂါခြေချုပ်နဲ့ နေထိုင်နေတယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
“ဆိုဖီကို ဒီကနေ့ Covid-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်စစ်ဆေးကြောင်း၊ ရလဒ်အဖြေမှာ ကူးစက်ခံထားရတယ်လို့ အတည်ပြုနိုင်ကြောင်း” ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဆိုဖီကို သီးခြားထားရှိသွားမှာ ဖြစ်ပြီး သူ့ရဲ့ ရောဂါလက္ခဏာတွေဟာ မပြင်းထန်ဘူးလို့ အဆိုပါ ထုတ်ပြန်ချက်က ထပ်လောင်းဖော်ပြပါတယ်။
“ဝန်ကြီးချုပ်ကတော့ ကျန်းမာရေး ကောင်းမွန်တယ်။ ရောဂါလက္ခဏာလည်း မပြပါ။”လို့ ထုတ်ပြန်ချက်က ဖော်ပြပြီး သူ့ ဆရာဝန်တွေရဲ့ အကြံပေးတဲ့အတိုင်း သီတင်းနှစ်ပတ်တာ သီးခြားခွဲနေမှာဖြစ်ပြီး ကိုရိုနာ ရှိမရှိလည်း စမ်းသပ်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
ကနေဒါနိုင်ငံရဲ့ ပြည်နယ် ခြောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၁၅၀ နီးပါး ရှိပြီး လူတစ်ဦး သေဆုံးထားပြီ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရေးအတွက် တင်းကြပ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖော်ဆောင်နေပြီး အားကစားပွဲတွေနဲ့ ဖျော်ဖြေရေးပွဲတွေကိုလည်း ပယ်ဖျက်ထားပြီ ဖြစ်ပါတယ်။