Covid-19 ကြောင့် အာကာသယာဉ်မှူးများ လေ့ကျင့်ရေးစခန်း၌သောင်တင်နေ

Covid-19 ကြောင့် အာကာသယာဉ်မှူးများ လေ့ကျင့်ရေးစခန်း၌သောင်တင်နေ
Photo  - AFP

မော်စကို၊ မတ် ၁၃။              ။ နိုင်ငံတကာအာကာသစခန်းဆီထွက်ခွါမယ့် ခရီးစဉ်အတွက်စောင့်ဆိုင်းနေကြတဲ့အာကာသယာဉ်မှူးတွေကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မော်စကိုပြင်ပရှိ Star City လေ့ကျင့်ရေးစခန်း ကနေ ထွက်ခွါခွင့်တားမြစ်ထားပါတယ်။

လာမယ့်အာကာသခရီးစဉ်ကို ကာဇက်စတန်ရှိ ဘိုင်ကိုနောအာကာသစခန်းကနေ ဧပြီ ၉ ရက်နေ့မှာ ထွက်ခွါဖို့ လျာထားတာဖြစ်ပြီး ရုရှားအာကာသယာဉ်မှူးတွေဖြစ်တဲ့ Ivan Vagner ၊  Anatoly Lvanishin နဲ့ နာဆာအာကာ သယာဉ်မှူး Chris Cassidy တို့ လိုက်ပါမှာဖြစ်ပါတယ်။

Star City လေ့ကျင့်ရေးစင်တာရဲ့အကြီးအကဲဖြစ်တဲ့ ပါဗယ်ဗလာဆော့က အာကာသယာဉ်မှူးတွေနဲ့အရံအဖွဲ့တွေကို ပုံမှန်ထက်စောပြီး စောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။ အာကာသယာဉ်မှူးတွေဟာ မစ်ရှင်မတိုင်မီ လုပ်ထုံးလုပ်နည်းအရ သီးသန့်ထား စောင့်ကြည့်ခြင်းခံရပြီး ရောဂါကူးစက်မှုမခံရစေဖို့ ဘိုင်ကိုနောစခန်းမှာ မှန်ခန်းနောက်ကနေ သတင်းစာရှင်းလင်းပွဲ လုပ်ကြရပါတယ်။

ကိုရိုနာကပ်ရောဂါကြောင့် လုပ်ထုံးလုပ်နည်းတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ရတယ်လို့ဗလာဆော့ကပြောပါတယ်။ ယခုအချိန်ထိ ရုရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈ ဦးရှိပြီး အများစုက မော်စကိုကဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေဟာ ဘိုင်ကိုနောအာကာသစခန်းကနေမထွက်ခွါခင် လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကရင်မလင်နန်းတော်နဲ့ ဆာဂေးကာရာလော့ဗ် (Sergei Korolyov)  ပြတိုက်ကို သွားရောက်လည်ပတ်တာလိုမျိုး ခရီးစဉ် တွေတောင် မလုပ်ကြတော့ဘူးလို့ ဆိုပါတယ်။

ပထမဆုံးအာကာသယာဉ်မှူး ယူရီဂါဂါရင်ရဲ့အရိုးပြာဟာ ကရင်မလင်နန်းတော်တံတိုင်းမှာ မြှုပ်နှံဂုဏ်ပြုခံထားရတာဖြစ်ပါတယ်။ ပထမဆုံးအကာသခရီးစဉ်နောက်ကွယ်က ရော့ကတ်ပညာရှင်ကြီးဖြစ်တဲ့  ဆာဂေးကာ ရာလော့ဗ် ရဲ့ နေအိမ်ပြတိုက်ဟာ မော်စကိုမြောက်ပိုင်းမှာရှိပြီး အထင်ကရနေရာတစ်ခုဖြစ်ကာ အာကာသယာဉ်မှူးတွေ မစ်ရှင်မတိုင်မီ သွားရောက်ကြတဲ့နေရာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly