စာသာဘိုးကို တရားစွဲဆိုခံခဲ့ခြင်းဟာ ရိုးရာဓလေ့ကိုခြိမ်းခြောက်တာဟုဆို

စာသာဘိုးကို တရားစွဲဆိုခံခဲ့ခြင်းဟာ ရိုးရာဓလေ့ကိုခြိမ်းခြောက်တာဟုဆို

မတ်၊ ၁၂။           ။  မြိုင်ကလေး ဘိလပ်မြေစက်ရုံ၏ ကျောက်မီးသွေးလောင်စာအသုံးပြုမှုကိုဖျက်သိမ်းပေးရန် ဒေသခံများ၏ဆုတောင်းပွဲမှာ ပါဝင်ခဲ့သောသဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ စောသာဘိုးကို တရားစွဲဆိုခံခဲ့ခြင်းဟာ ရိုးရာဓလေ့ကိုခြိမ်းခြောက်တာဖြစ်ကြောင်း ဒို့မြေကွန်ရက်အဖွဲ့ဝင် ကိုစည်သူကမဇ္ဈိမသို့ပြောသည်။

၎င်းက“ဒီဆုတောင်းပွဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ကော ကျောက်မီးသွေးစက်ရုံတွေနဲ့ ပတ်သက် ပြီးတော့လည်း ဆုတောင်းမေတ္တာပို့တာ တွေရိုးရာအရလုပ်တာရှိတယ်။ အဲ့လိုလုပ်တာကို အခုလိုမျိုးဖမ်း မယ်ဆိုရင်တော့ ဒါသည် ရိုးရာဓလေ့ကိုခြိမ်းခြောက်တာဖြစ်တယ်။ စော်ကားတာဖြစ်တယ်”ဟု ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အစိုးရဘက်ကလည်း စောသာဘိုးတရားစွဲဆိုခံခဲ့ရသည့်အပေါ် အခုချိန်ထိ ဖြေရှင်းချက်ပေးတာ မျိုးတွေ မရှိသေးဘူးလို့ ၎င်းကပြောသည်။

“အစိုးရဘက်က ဖြေရှင်းချက်တော့ အခုချိန်ထိမတွေ့သေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြားတာကတော့ ကရင် ပြည်နယ်အစိုးရဘက်ကျတော့ သူတို့ဘက်ကအဲ့လိုမဟုတ်ဘူးဆိုပြီး ပြန်ပြီးတော့ ငြင်းထားတာရှိတာပေါ့နော်” ဟု ကိုစည်သူကပြောသည်။

ဒီကိစ္စကို မဇ္ဈိမက ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုမေးမြန်းခဲ့ရာမှတော့ သူတို့တွေအနေနဲ့လည်း မသိရသေးကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုစည်သူက “ခုလောလောဆယ်ကြေညာချက်တွေထုတ်ပြန်ထားတယ်။အဲ့ဒီကနေတစ်ဆင့် ကမ်ပိန်းပုံစံမျိုးတွေ ပေါ်ကောင်း ပေါ်လာနိုင်ခြေရှိတယ်။ ကျွန်တော်တို့နဲ့မိတ်ဖက်အဖွဲ့ဖြစ်တဲ့ mataမှာလည်း ဒါနဲ့ပတ်သက်ပြီး ပြောထားပြီးသားပဲ။ သဘောထားလည်းတူတယ်။ သူတို့ဘက်က ဒီဟာကိုရှေ့ဆက်တိုးလာရင်တော့ ပိုပြင်းထန်တဲ့အရာနဲ့ရင်ဆိုင်ရမယ် လို့ ကျွန်တော်တို့ကတော့ ယေဘူယျပြောထားတာပေါ့နော်”ဟု ပြောသည်။

မတ်လ၆ရက်နေ့က စောသာဘိုး၏နေအိမ်ကိုဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ပေမယ့် ခရီးလွန်နေတာကြောင့် ယနေ့ထိဖမ်းမိခဲ့ခြင်းတော့မရှိခဲ့ကြောင်းသိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ)ဖြင့်  တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ စောသာဘိုးကိစ္စအပေါ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်သည့် mataနဲ့ ဒို့မြေကွန်ရက်တို့က ထုတ်ပြန်ချက်များဖြင့် ကန့်ကွက် ထားပြီး ဒီကိစ္စတွေမပြီးမချင်း အစအဆုံးကို စောသာဘိုးဘက်မှ ရပ်တည်ပေးသွားမည်ဟု  သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly